မန္တလေး ၁၇ နိုဝင်ဘာ

မန္တလေးနန်းမြို့ရိုးမှာ စိတ်ဝင်စားဖွယ်ရာဖြစ်ပြီး နန်းမြို့ရိုးတစ်ဘက်စီတွင် တံခါးသုံးရပ်စီရှိကာ အမည်အသီးသီးကို အဓိပ္ပါယ်အသီးသီးဖြင့် မှည့်ခေါ်ထားသည်။ တံခါးအမည်များကို တံခါးပေါက်တစ်ခု၏ အဝင် လက်ဝဲအထွက် လက်ယာကျသော မီးကာ အုတ်တံတိုင်းကြီးများအနီးတွင် အုတ်ပလ္လင်သုံးဆင့်ခံကာ မော်ကွန်းစိုက်ထူထားသည်။ ဓာတ်တံခါးလေးရပ် မိတ်တံခါးရှစ်ရပ် ရွှေမြို့တော်ကြီးထောင့် သူရဲခိုအောက်တွင် အင်းယတြာ အဆောင်များကို ရှေးအစဉ်အလာနှင့်အညီ ပြုလုပ်ဆောင်ရွက် မြုပ်နှံထားသည်။

လေ့လာစရာ နန်းမြို့ရိုး အရှေ့မျက်နှာရှိ တံခါးသုံးရပ်မှာ လွန်ကဲတံခါး၊ ဦးထိပ်တံခါး၊ သောင်းညွတ်တံခါးများပင် ဖြစ်သည်။ အရှေ့မြောက်စွန်း မိတ်တံခါးဖြစ်သည့် လွန်ကဲတံခါးကို ဝန်ထောက်ပုပ္ပါးမြို့စား မဟာမင်းလှမင်းထင်ကျော် ကြီးကြပ်တည်ဆောက်ကာ ကုလားဆိုသော မိတ်ဘက်နံသင့်အရ ဘုန်းတန်ခိုးတော် လွန်လွန်ကဲကဲကြီးမည်ဟူသော သုတိမင်္ဂလာ သြဘာနိမိတ်ကိုယူ၍ လွန်ကဲတံခါးဟု သမုတ်ခဲ့ခြင်းဖြစ်သည်။

နန်းမြို့ရိုး အရှေ့မျက်နှာ အလယ်တွင်တည်ရှိသော ဦးထိပ်တံခါးကို မကွေးမြို့စားဝန်ကြီး သတိုးမင်းကြီးမဟာ မင်းလှသီဟသူ ကြီးကြပ်တည်ဆောက်ကာ သူရဇ္ဖ ဓာတ်တံခါး အန္တောဟူသော ဓာတ်ဘက်နံသင့်အရနှင့် မြို့ဦးထိပ်တွင် တည်ရှိနေသည်ကို အစွဲပြုကာ ဦးထိပ်တံခါးဟု သမုတ်ခဲ့ခြင်းဖြစ်သည်။ လက်ရှိကာလတွင် နန်းတော်ရှေ့တံခါးပေါက်အဖြစ် လူသိများသည်။

နန်းမြို့ရိုး အရှေ့မျက်နှာ တောင်စွန်းရှိ သောင်းညွတ်တံခါးကို ဝန်ထောက်ခန်းပတ်မြို့စား မဟာမင်းလှသီဟသူ ကြီးကြပ်တည်ဆောက်ခဲ့ပြီး မိတ်တံခါးဖြစ်ကာ ဆွေသားဟူသော မိတ်ဘက်နံသင့်အရ ဇမ္ဗူဒီပါ တစ်ကျွန်းလုံးကို သိမ်းကျုံးယူတော်မူမည်ဆိုသော သုတိမင်္ဂလာ သြဘာနိမိတ်ကိုယူကာ သောင်းညွတ်တံခါးဟု သမုတ်ခဲ့ဖြင်းဖြစ်သည်။ တံခါးများ၏ အမည်နာမများ သမုတ်ခြင်းများမှာ ရည်ရွယ်ချက်များစွာဖြင့် သမုတ်ခဲ့ကြောင်းကို လေ့လာနိုင်သည်။                                                         

တိမ်တမန်