လေ့လာစရာ ရိုးရာလက်မှုလုပ်ငန်းများထဲမှ အနုပညာလက်ရာမြောက် ဝါးလက်မှုလုပ်ငန်း

မင်းကွန်း ၃၁ ဒီဇင်ဘာ

စစ်ကိုင်းတိုင်းဒေသကြီး စစ်ကိုင်းမြို့နယ် မင်းကွန်းဒေသတွင် အနုပညာလက်ရာမြောက် ဝါးလက်မှုပစ္စည်းများ၊ ဝါးဖန်စီပစ္စည်းများကို ပုံစံမျိုးမျိုး ပြုလုပ်ရောင်းချကြသည်။ လက်ရှိကာလ ခရီးသွားလုပ်ငန်း ရပ်နားထားချိန် အနာဂတ်ကာလ အလုပ်အကိုင်အခွင့်အလမ်းများ ရရှိလာစေရန် ဝါးလက်မှုပစ္စည်း ပြုလုပ်ခြင်းနှင့် အလှပုံရေးဆွဲခြင်းများကို သင်ကြားပေးလျက်ရှိကြောင်း သိရသည်။

အနုပညာလက်ရာမြောက် ဝါးလက်မှု ဘောပင်ထည့်ခွက်များကို ပန်းချီဖြင့်ပေါင်းစပ် အလှခြယ်ကြရသည်။ ယခင်က မင်းကွန်းဒေသထွက် ပန်းချီပုံပါသည့် ဝါးပေတံများကို လူကြိုက်များခဲ့သည်။ ကိုဗစ်-၁၉ ရောဂါ မဖြစ်ခင်ကာလ ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးစဉ်က  မင်းကွန်းဒေသရောက် ပြည်တွင်းပြည်ပ ခရီးသွားဧည့်သည်များသည် ဝါးဖြင့်ပြုလုပ်ထားသော  အရုပ်၊ ကီးချိန်း၊ ဝါးခေါင်းအုံးကလေးများ၊ ဝါးလိပ်စာကတ်ထည့်ဘူးနှင့် ဘောပင်ထည့်သည့် ဝါးလက်မှုပစ္စည်းများ၊ ဝါးပန်းအိုးကလေးများကို စိတ်ဝင်စားမှု များပြားခဲ့သည်။ လက်ရှိကာလ ခရီးသွားလုပ်ငန်း ရပ်နားထားသည့်အတွက် မင်းကွန်းဒေသတွင် အလုပ်အားနေချိန်  ဝါးလက်မှုပညာနှင့် စွန့်ပစ်ပစ္စည်းများကို အသုံးပြုကာ လူ့အသုံးအဆောင်ပစ္စည်းများ ဖန်တီးနိုင်စေရန် ပညာဖြန့်ဝေသင်ကြားပေးလျက်ရှိကြောင်း မြန်မာ့သဘာဝပတ်ဝန်းကျင်ချစ်သူ ပရဟိတအဖွဲ့ ဒေါ်ယဉ်ယဉ်ထွန်း (ကမ္ဘာမြေချစ်သူဆုရ) ထံမှ သိရသည်။

လက်ရာမြောက် ဝါးလက်မှုပစ္စည်းဈေးကွက်မှာ အသစ်ပြုလုပ်ထားသည့် အီမိုဂျီ အရုပ်ကီးချိန်း တစ်ခုလျှင် ငွေကျပ် ၅၀၀၊ ဝါးဟမ်းချိန်းတစ်ခု ငွေကျပ် ၅၀၀၊ ဝါးလက်ကောက် တစ်ခုလျှင် ငွေကျပ် ၂၀၀၀၊ ဝါးခေါင်းအုံးတစ်ခုလျှင် ဖောက်သည်ဈေး ငွေကျပ် ၃၅၀၀၊ ဝါးပန်းအိုးတစ်ခုလျှင် ဖောက်သည်ဈေးနှုန်း ငွေကျပ် ၃၅၀၀၊ ပန်းချီပုံပါသည့် ဝါးဘောပင်ခွက်နှင့် ဝါးလိပ်စာကတ်ထည့်သည့် ပစ္စည်းတစ်ခုလျှင် ငွေကျပ် ၁၀၀၀၊ ဝါးရေခွက်တစ်ခွက်လျှင် ငွေကျပ် ၃၅၀၀ ဖြင့် ရောင်းချသည်။ လက်ရှိကာလ ခရီးသွားလုပ်ငန်းနားချိန်တွင် ဝါးလက်မှုပညာများကို သင်ကြားပေးကာ ဝါးလက်မှုပစ္စည်းများ ကြိုတင် ပြုလုပ်ထားပါက  ကိုဗစ်-၁၉ အလွန် ခရီးသွားလုပ်ငန်း ပြန်လည်စတင်ချိန် အသင့်ရောင်းချနိုင်မည်ဖြစ်ကြောင်း သိရသည်။

တိမ်တမန်