မန္တလေး ၂၅ အောက်တိုဘာ

မြန်မာနိုင်ငံတွင် သက်တမ်းအရှည်ဆုံး ကထိန်တော်ဟု ညွှန်းဆိုနိုင်သည့် ပလိပ်မြို့မှ စုပေါင်းကုသိုလ်ပြုသည့် ပိတောက်ချောင်ကထိန်ကို ပြသရမည်ဖြစ်သည်။ ဥသြကျီးမြည် ကထိန်တည်ဟု အမှတ်အသားပြုထားသော ဆောင်ပုဒ်နှင့်အညီ ၁၁၂၅ ခုနှစ် သီတင်းကျွတ် လပြည့်ကျော် ()ရက်နေ့တွင် စတင်ကာ စစ်ကိုင်းတောင်ရိုး ပိတောက်ချောင်တွင်ခင်းခဲ့သော ကထိန်ကို နှစ်စဉ်ခင်းလာခဲ့သည်မှာ ယခုနှစ်တွင် (၂၅၇)နှစ်တိတိ ရှိပြီဖြစ်သည်။

ပိတောက်ချောင်ကထိန်မှာ ခေတ်အဆက်ဆက် တစ်နှစ်မှ ပျက်ယွင်းခြင်းမရှိဘဲ အစဉ်အဆက် ခင်းကျင်းခဲ့ကြသည်။ ပိတောက်ချောင်ကထိန်မှာ တတိယအင်းဝမြို့တည်နန်းတည် ဆင်ဖြူရှင်မင်းတရားကြီး ရာဇဘိသေက အောင်ပွဲခံရွှေနန်းတော်စံသည့် နှစ် ၁၁၂၅ မှစတင်ကာ ကထိန်ခင်းလာခဲ့ခြင်းဖြစ်သည်။ ကထိန်ခင်းမည့်ရက် ရောက်သည်နှင့် အဝေးရောက် ပလိပ်ဇာတိဖွားတို့မှာ ပိတောက်ချောင်ကထိန်ကို လာရောက်ဆင်နွဲလေ့ရှိသည်။ ရှေးယခင်က ခေတ်ကာလမတည်ငြိမ် စစ်ဖြစ်နေသည့် အခါနှင့်ကြုံသည့်တိုင်အောင် ကထိန်ခင်းရန်အတွက် ကထိန်လျာသင်္ကန်း ခေါင်းပေါ်ရွက်သူရွက် လှူဖွယ်ပစ္စည်းများကို တစ်ဦးတစ်လှည့်စီ ပခုံးပေါ်ထမ်းကာ  ပလိပ်မှစစ်ကိုင်းသို့ ခြေလျင်သွားရောက်ကာ ကထိန်ခင်းခဲ့ကြသည်။

ယခင် လမ်းပန်းဆက်သွယ်ရေး မကောင်းသည့်ကာလတွင် ပလိပ်အုပ်စုအတွင်းရှိ ကျေးရွာရပ်ကွက်များမှ စုပေါင်းလှူဒါန်းထားသော လှူဖွယ်ပစ္စည်းများကို သီတင်းကျွတ်လဆန်း (၁၃)ရက်နေ့တွင် ဒုဌဝတီမြစ်ကမ်းနဘေး ခင်းကျင်းပြသကြပြီး သီတင်းကျွတ်လပြည့်နေ့တွင် လှူဖွယ်ပစ္စည်းများကို ငှက်လှေများပေါ်တင်ဆောင်ကာ  အတီးအမှုတ်များဖြင့် ရေလမ်းခရီးအတိုင်း အင်းဝကိုဖြတ်ကျော်ကာ ဧရာဝတီမြစ်ကိုဆန်တက်ပြီး စစ်ကိုင်းပိတောက်ချောင် အထိသွားကြသည်။ ပိတောက်ချောင်မရောက်ခင် ဆင်ဖြူရှင်လှ ဆိပ်ကမ်းဇရပ်တွင် ခဏနားကာ ပိတောက်ချောင်ရှိရာ တောင်ပေါ်သို့ လှူဖွယ်ပစ္စည်းများ သယ်ပိုးကာ လှူဒါန်းခဲ့ကြသည်။

ဖွံ့ဖြိုးလာသောခေတ် လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်သည့်အချိန်တွင် မော်တော်ကားများဖြင့် စုပေါင်းသွားကာ ပိတောက်ချောင်ကထိန်ကို အစဉ်အလာမပျက် ခင်းကြသည်။ ယခုနှစ်တွင် ပလိပ်မြို့မှ ပိတောက်ချောင်ကထိန် အစဉ်အလာမပျက် ခင်းလာသည်မှာ (၂၅၇)ကြိမ်မြောက်ရှိပြီ ဖြစ်သည်။ နှစ်စဉ် သီတင်းကျွတ်လဆန်း (၁၃)ရက်နေ့ရောက်သည်နှင့် ပလိပ်နယ်သူနယ်သားများမှာ  ကထိန်တော်ကျင်းပရေးမဏ္ဍပ်သို့ လှူဖွယ်များ လာရောက်လှူဒါန်းကြသည်။ လက်ရှိကာလတွင် ပလိပ်မြို့မှ ပိတောက်ချောင်ကထိန်မှာ မြန်မာနိုင်ငံတွင် သက်တမ်းရှည် ကထိန်အဖြစ် တည်ရှိနေကြောင်း သိရသည်။

တိမ်တမန်