မာမာစိုး(ကြေးမုံ)
ရှမ်းပြည်နယ်မြောက်ပိုင်း နောင်ချိုမြို့မှ ၃၂ မိုင်အကွာရှိ ဟိုခိုကျေးရွာ အုပ်စု ချောင်းသာကျေးရွာမှာ တည်ထားကိုးကွယ်ထားတဲ့ ရွှေမြင်တင်ချမ်းသာရ ချောင်းသာစေတီတော်ဟာ ရှမ်းတိုင်းရင်းသားတွေရဲ့ နှစ်ပေါင်း ကြာညောင်းစွာ ဗုဒ္ဓဘာသာ သက်ဝင်ယုံကြည်မှုကို ပြသနေတဲ့ သက်သေ သာဓကတစ်ခုပဲ ဖြစ်ပါတယ်။
နောင်ချိုမြို့နယ် ချောင်းသာကျေးရွာမှာရှိတဲ့ ရွှေမြင်တင်ချမ်းသာရ ချောင်းသာစေတီတော်သမိုင်းဟာ တောင်သမင်ဦး (ခေါ်) ပြင်ဦးလွင်မြို့နယ် ညံတောရွှေမြင်တင် ဘုရားဒေသနဲ့ မြောက်သမင်ဖျားခေါ် နောင်ချိုမြို့နယ်ကုန်းကြီး ဟိုခိုချောင်းသာ ဘုရားသမိုင်းတွေက ဒေသတစ်ခိုမှာ ကျင်လည်ကျက်စားကြတဲ့ ဘုရားလောင်း သမင်ဘဝဖြစ်စဉ်တွေမှာ ဆက်နွှယ်လျက်ရှိပါတယ်။ အဲဒီဖြစ်စဉ်တွေကို ပြင်ဦးလွင် ညံတောသမိုင်းဝင် ရွှေမြင်တင်မဟာမုနိ ရုပ်ပွားတော်သမိုင်းမှာ တွေ့ရှိရပါတယ်
သရေခေတ္တရာပျူခေတ်က ပြင်ဦးလွင်ဒေသမှာ သာသနာနှစ် ၂၃၅ ခုနှစ်က ဒေသခံပြည်သူတွေနဲ့ သီရိဓမ္မာသောကမင်းတရားရဲ့ သာသနာပြုမင်း စေတမန်တို့ဟာ စိမ့်စမ်းကိုးဝမှ ရေလျှံဖြာတဲ့ ရှင်ဓာတ်တော်မွေတော်တွေ ဌာပနာထားတဲ့ စေတီပုထိုးတစ်ဆူကို တည်ထားတော်မူခဲ့ပါတယ်။ သာသနာပြု စေတမန်တွေနဲ့ ဒေသခံပြည်သူတွေ ဘုရားတည်နေတုန်း တစ်နေ့သောညချမ်းမှာ ကြောက်ရွံ့ခြင်းမရှိ ပကတိအသွင်နဲ့ သမင်တစ်အုပ်ဟာ တောထဲကနေ ဘုရားတည်နေရာ ပရိဝုဏ်အတွင်းကို ပြေးဝင်ရောက်ရှိလာကြတယ်။ ဟိုဟိုဒီဒီ လှည့်ပတ်ရပ်ကြည့်ပြီး စေတီတော်ကြီးကို ငြိမ်သက်စွာ ဖူးမြင်နေတာကို အံ့သြဖွယ်တွေ့ကြုံခဲ့တဲ့ ဒီဖြစ်ရပ်ကို အကြောင်းပြုပြီး ရွှေသမင်ဖူးမြင်စေတီလို့ခေါ်တွင်ခဲ့ကြပါတယ်။
ဒီအပြင် ဗောဓိဆက်လျောင်းလျာနုစဉ် သမင်မျိုးဘဝနဲ့ ဒီဒေသတစ်ခွင် ကျင်လည်ခဲ့တဲ့ သမိုင်းဖြစ်စဉ်ကိုလည်း ဘိုးဘွားတွေဆီက တစ်ဆင့်စကား တစ်ဆင့်ကြား မှတ်သားထားခဲ့သမျှကိုလည်း ပြန်ပြောင်းကြားသိရပုံမှာ ဘုရားလောင်း ဘဝနုစဉ်ကာလက တောင်သမင်ဦး၊ မြောက်သမင်ဖျား ဒီအရပ်နှစ်ဌာနအတွင်း သမင်မင်းဘဝက အခြွေအရံ သမင်ပေါင်းများစွာနဲ့ တစ်လှည့်စီ ရွှေ့ပြောင်းနေထိုင်ခဲ့ပါတယ်။ တစ်နေ့သော တစ်ရာသီမှာ တောင်သမင်ဦး (ခေါ် ) ပြင်ဦးလွင်ဒေသနဲ့ အင်းလျားအရပ် သမင်ကြင်းနှစ်ဌာနကနေ ရှေ့ကိုခရီး ဆက်ခဲ့ရာ ချောင်းသာကို ကိုယ်ညွတ်ကုန်းပြီး မျှော်ကြည့်ရာ ကုန်းကြည့်ဌာန၊ တောင်ကုန်းတစ်ခုမှ မုဆိုးနဲ့တွေ့ဆုံကြုံကြိုက်ခဲ့ရာ မုဆိုးတောင်ဌာန၊ အဲဒီကနေ တစ်ဆင့် ရှေ့ကို ခရီးဆက်လာစဉ် မုဆိုးရဲ့ဘယ မြားတံမှာ ကိုယ်ကိုထိပြီး ပြင်းစွာဒဏ်ရာရခဲ့ရာ သွေးနီကျဌာန၊ ဒီဌာနငါးရပ်မြေ လွန်မြောက်ပြီးနောက် မြောက်သမင်ဖျားဌာန ချောင်းသာဝကို အရောက်တွင် ဇီဝိန်ကုန်ဆုံး ပျက်သုဉ်းခဲ့ရပါတယ်။ သမင်မင်းဘဝခြောက်ဌာနကို ရှေးခေတ်ကာလကပင် သမိုင်းမော်ကွန်း ဥဒါန်းရှိခဲ့ပါတယ်။
သီရိဓမ္မာသောကမင်းကြီးရဲ့ သာသနာပြုစေတမန်တို့ဟာ ပြင်ဦးလွင်ဒေသမှ ယခုသုံးဆယ်၊ နောင်ချိုမြို့နယ် ချောင်းသာအရပ်က ဆက်လက်ခရီးနှင်ခဲ့ပြီး ရွှေသမင်မြင်တင်ဘုရားဟုခေါ်တွင်သော စေတီတစ်ဆူကို တည်ထားခဲ့ကြပါတယ်။ ဒါကြောင့် “တောင်သမင်ဦး၊ မြောက်သမင်ဖျား” အရပ်ရှိ စေတီနှစ်ဆူအမည် တူရှိခဲ့ပြီး ဒီနေ့အထိတိုင် ဗုဒ္ဓဘာသာဝင်များ ကိုးကွယ်ပူဇော်လျက်ရှိပါတယ်။ ထို့အပြင် ဘုရားသမိုင်းအရ ရေဦးဘုရား၊ ကုန်းကြီးဘုရား၊ မုဆိုးတောင်ဘုရားနီ ဘုရားတွေဟာ နောင်ချိုမြို့နယ် ချောင်းသာဘုရားဝန်းကျင်မှာ မြင်တွေ့ကြရပါတယ်
ထို့အပြင် သက္ကရာဇ် ၁၃၀၂ ခုနှစ်တွင် ချောင်းသာဘုရားဒါယကာ မိုင်းလုံမြို့စား ဦးသာမြတ်ကိုယ်တိုင် စီကုံးရေးသားထားသော ချောင်းသာဘုရား ကျောက်စာတွင် “ဖြစ်ပျက်သဘော ရေလျဉ်ကြောမှာ မျောရစဉ်ခါ၊ မာတာမိစ သုဝဏ္ဏဟု၊ လုံ့လပြေပြစ် သမင်၏ ဖြစ်ရတဖြာ၊ ချောင်းသာအင်းမ၊ ကွင်းပြင်လှ၍ ယူကြရေစာ၊ ချမ်းမြေ့စွာနှင့် ပျော်ရာပျော်ကြောင်း၊ ဖော်ပေါင်းငါးရာ ကျက်စားရှာသော်၊ လှော်မာမုဆိုး လူညီချိုးသည်၊ ရန်ငြိုးလက်စ ပါခဲ့ကြလျက်၊ မိဂလောင်မင်း ဇီဝိန်ကင်းအောင်၊ လေးကိုဆောင်၍ တောင်ထိပ်ကုန်းဆင်း မြားနှင့်ခွင်းလျှင်၊ ဝါဝင်းမိစ သမင်လျသည်၊ ကိုယ်မှာသွေးဖျာ၊ ကျရာအရပ် သတ်မှတ်တည်ပြု ကောင်းမှုစေတီဘုရားနီဟု သညီဘွဲ့ရ ထိုတောင်မှပင်၊ သမင်လောင်းသည်၊ မြေပြင်တောလျှို ပုန်းလျှိုးကွယ်ဝှက် ပြေးထွက်မြန်စွာ၊ ချောင်းသာကွင်းရိပ် မြေငူထိပ်ဝယ်၊ ကိစ္စသဘော ရွေ့လျားခန္ဓာ စုတေရာမှနောင်ဥဒါန်း မပျက်တမ်းဖြင့်၊ ကာလမြင့်သော် ရှင်ပင်မြုတေ၊ ဓာတ်စက်မွေလျှင် တီထွင်အစ၊ သာသနာ့ဒါယကာ၊ ဓမ္မာသောကစကြာရ၏ ဗုဒ္ဓစေတီမွေသရီကိုတည်လေ ပထမ၊ ခုခေတ်ကျအောင် ထွန်းပြောင်တန်ခိုး၊ သမိုင်းထိုးလျက် မြေမိုးအောက်ထက် ရပ်ဆယ်မျက်နှာ၊ သတင်းဗျာသည်၊ ကမ္ဘာအစဉ်ဥဒါန်းတည်” ဟူ၍ ရေးထိုးထားသည်ကို တွေ့ရှိသည်။
ချောင်းသာဘုရားစေတီတော်ကို ကိုလိုနီခေတ်ကာလက ပြုပြင်မွမ်းမံနိုင်မှုမရှိခဲ့၍ အနီးပတ်ဝန်းကျင်ရှိ တောင်သူများ သီးနှံအထွက်မကောင်းခြင်းများ၊ ယာခင်းများနှစ်စဉ် ပျက်စီးခြင်းများ ဖြစ်ပွားလျက်ရှိပြီး လူအများ အစာရေစာခေါင်းပါးမှုနဲ့ ကြုံတွေ့ကြရတဲ့အချိန်မှ ဘုရားပြုပြင်ရန် သတိရပြီး သက္ကရာဇ် တြိဒွါအဌိ ဒွေးဧကမှာ စေတီတည်ပြီး သက္ကရာဇ် ဧကအဌဒွေးဧကမှာ ထီးတော်တင်ပွဲကို ပြုလုပ်ခဲ့ပါတယ်။
ထိုအချိန်မှစ၍ “နှစ်စဉ်မြဲတွင်၊ ခပဲတောင်သူ၊ သီးနှံဆူ၍၊ မိလက္ခူမျိုး၊ လွန်ပြည့်ဖြိုး၏” ဆိုသကဲ့သို့ ဘုရားကိုးကွယ် ဆည်းကပ်ရာဒေသတွင် ချောင်းသာစေတီ တည်ထားကိုးကွယ်မှုကြောင့် တောင်သူလယ်သမားများ နှစ်စဉ် လယ်ယာစီးပွား ပြည့်ထွန်းကာ စီးပွားပညာ လွန်စွာချမ်းသကြွယ်ဝလာခဲ့ပါတယ်။
ချောင်းသာကျေးရွာရှိ “ချမ်းသာရ” ဘုရားဗုဒ္ဓပူဇနိယ ပူဇော်ပွဲကို နှစ်စဉ်တပို့တွဲလပြည့်နေ့တိုင်း ကျင်းပလျက်ရှိပြီး နောင်ချိုမြို့နယ်အတွင်းရှိ ဟိုခိုအုပ်စု၊ ဒိုးပင်အုပ်စု၊ ဘန့်ဘွေးကျင်းအုပ်စု၊ ကုလားကွဲအုပ်စုနှင့် ကျောက်ကြီးအုပ်စုတို့မှ ရဟန်းရှင်လူပြည်သူများက နှစ်စဉ်နှစ်တိုင်း ဗုဒ္ဓပူဇနိယ ဘုရားအနေကဇာတင် ဆွမ်းလောင်းပွဲများကို စည်ကားသိုက်မြိုက်စွာ ကျင်းပလျက်ရှိပါတယ်။ ပွဲတော်အတွင်း ရှမ်းပြဇာတ်၊ မြန်မာ့ဇာတ်သဘင်များကိုလည်း ထည့်သွင်းကျင်းပလေ့ရှိကြောင်း လေ့လာတွေ့ရှိရပါတယ်။