ဒေါက်တာမြင့်သန်း (ညောင်လေးပင်)
Street dogs ခေါ် လမ်းများပေါ် သွားလာနေသောခွေးများကို free-ranging urban dogs များဟုခေါ်ပြီး မြို့ကြီးများ၏ လမ်းများပေါ်တွင် အထိန်းအကွပ်မရှိဘဲ သွားနေလေ့ရှိကြသည်။ မြို့ကြီးများကျယ်ပြန့်လာမှု၊ လူနေထူထပ်လာမှုများနှင့်အတူ ထိုခွေးများ၏ ကောင်ရေတိုးပွားလာခြင်း၊ ယင်းတို့၏ နောက်ဆက်တွဲပြဿနာများပါ ရှုပ်ထွေးလာခြင်းတို့ကိုတွေ့ရသည်။ အထူးသဖြင့် ဖွံ့ဖြိုးဆဲနိုင်ငံများနှင့် ယခင် ဆိုဗီယက်ယူနီယံနိုင်ငံကြီးတွင် ပါဝင်သောနိုင်ငံငယ်များမှာ လမ်းဘေးခွေးတို့၏ ပြဿနာများ ကြီးထွားလာနေသည်ကို တွေ့ရသည်။ ထိုခွေးတို့သည် များသောအားဖြင့် ပိုင်ရှင်မဲ့ အရိုင်းသတ္တဝါများဖြစ်ကြပြီး တွေ့ရာစားကာ မျိုးပွားတိုးပွားလာနေတတ်ကြသည်။
ပြဿနာများ
၁။ “ကိုက်ခြင်း”
အစာလုခြင်း၊ မိတ်လိုက်ခြင်း၊ အုပ်စုဖွဲ့ တိုက်ခိုက်ခြင်း စသည့် အခြေအနေတို့တွင် ယင်းတို့အချင်းချင်း ကိုက်ခဲကြသလို အနီးရှိလူအများကိုလည်း ကိုက်တတ်ကြသည်။ သူတို့ နယ်မြေထဲဝင်လာသည့် သူစိမ်းလူအများကိုလည်း ရန်ရှာတတ်ကြသည်။ ခွေးကိုက်မှုကြောင့် Rabies (Hydrophobia) ခွေးရူးပြန်ရောဂါ ဖြစ်စေသည်ကို အထူးပြောဖွယ်မရှိပါ။ ထို ရောဂါသည် Lyssaviruses ကြောင့် ဖြစ်ရပြီး မုချသေဆုံးနိုင်သည့် ရောဂါလည်းဖြစ်သည်။
၂။ “ပတ်ဝန်းကျင်ကိုအနှောင့်အယှက်ပြုခြင်း”
ခွေးဟောင်ခြင်း၊ အူခြင်းစသည့် ခွေးတို့၏ မနှစ်မြို့ဖွယ် အသံဗလံမျိုးစုံက လူအများ၏ ဆိတ်ငြိမ်သော ပတ်ဝန်းကျင်ကို အနှောင့်အယှက်ဖြစ်သည်။ သူတို့၏ အညစ်အကြေးများကလည်း လူ့ပတ်ဝန်းကျင်ကို အထူးမနှစ်သက်ဖွယ် အခြေအနေများ ဖြစ်စေသည်မှာ အထူးဆိုဖွယ်မရှိပါ။ သူတို့၏ ဆီးအတွင်း Leptospira Ictirohaemorrhagica ခေါ် ဗက်တီးရီးယားပိုးများ ပါဝင်ပါက လူအများကို အသည်းရောင်ခြင်းရောဂါ Leptospirosis ကို ဖြစ်စေတတ်သည်လည်းရှိသည်။ Toxicariasis biohazard ခေါ် သန်ရောဂါအမျိုးမျိုး ဖြစ်တတ်ပါသည်
ခွေးဦးရေလျှော့ချထိန်းချုပ်ခြင်း
တိုးပွားများပြားနေသော ခွေးလေခွေးလွင့်များကို တစ်နည်းနည်းဖြင့် ဖယ်ရှားခြင်း (သို့မဟုတ်) သတ်ပစ်ခြင်းတို့သည်သာ ခွေးကောင်ရေ လျှော့ချနိုင်မည့် အထိရောက်ဆုံးနည်း ဖြစ်မည်ဟု ယုံကြည်ကြလေ့ရှိသည်။ သို့သော် ထိုနည်းသည် အမှန်တကယ် ထိရောက်မှုမရှိကြောင်း တွေ့ရသည်။ အကြောင်းမှာ ခွေးတို့၏ သဘာဝတစ်ခုမှာ သူတို့နှစ်သက်သောနေရာ တစ်ခုတည်းတွင်သာ နေလေ့ရှိကြသည်ဖြစ်ရာ တစ်နေရာရှိ ခွေးများ သေဆုံး၊ လျော့ပါးသွားပါက အနီးဆုံး နေရာတစ်ခုမှ ခွေးများက ထိုနေရာသို့ ဝင်ရောက်လာနေကြလေ့ရှိသည်။ ထိုနေရာမှာ မူလခွေးတို့၏ အစာရေစာ ရှိနေခြင်းကြောင့်ဖြစ်သည်။ ခွေးတို့၏မွေးဖွားနှုန်းကလည်း မြင့်မားသည်။ ပျမ်းမျှတစ်နှစ်လျှင် အနည်းဆုံးခွေးနှစ်ကောင်နှုန်း မွေးဖွားတတ်ပြီး ခွေးနှစ်ကောင်စုံတွဲက သုံးနှစ်အတွင်း ခွေးအကောင် ၃၀ဝ ခန့်အထိ ပေါက်ဖွားနိုင်သည်ဟု တွက်ချက်ရသည်။ ထို့ကြောင့် မွေးလာသည့် ခွေးပေါက်ကလေးများက အနီးရှိ နေရာလွတ်များဆီ အမြန်ပြောင်းရွှေ့ ကျက်စားလေ့ရှိကြသည်။ ထိုအခါ ခွေး နယ်လုပွဲများ ဖြစ်တတ်ပြီး အချင်းချင်း တိုက်ခိုက်တတ်ကြသည်။ သူတို့၏ တိုက်ပွဲများအတွင်း အနီးရှိလူများကိုပါ ကိုက်ခဲတတ် ကြပြန်သည်။ ခွေးမများက လူများအပေါ် ပိုပြီးရန်လိုကြသည်။ သူတို့၏ သားသမီးများအပေါ် လူများက ထိခိုက်ဖမ်းဆီးမည် စိုးကြ၍ ဖြစ်သည်။
နိုင်ငံတကာမှအခြေအနေများ
ခွေးများသတ်ဖြတ်ခြင်းကို နိုင်ငံအများစုတွင် ဆောင်ရွက်လာကြသည်ကို တွေ့ရသည်။ အိန္ဒိယနိုင်ငံ မွမ်ဘိုင်းမြို့ကြီးတွင် လူဦးရေ ၁၂ သန်းကျော် နေထိုင်လျက်ရှိပြီး ထက်ဝက်ခန့်တို့သည် လမ်းပေါ်နေသူ၊ အိမ်ခြေ အတည်တကျမရှိ သူများဖြစ်ကြသည်။ ထို့ကြောင့် နေ့စဉ်၊ အမှိုက် တန်ငါးရာခန့် လမ်းမများပေါ်၌ ရှိနေတတ်သည်။ ထိုအမှိုက်တို့ကို ခွေးများက ရှင်းပေးကြသည်။ ထို့အတူ ခွေးများကြောင့် ခွေးရူးပြန်ရောဂါ ဖြစ်ပွားမှုကလည်း ကြောက်ခမန်းလိလိ ဖြစ်ပြီး ကမ္ဘာပေါ်တွင် အိန္ဒိယနိုင်ငံသည် ခွေးရူးပြန်ရောဂါကြောင့် သေဆုံးသူ အများဆုံးဖြစ်နေသည်။ (နှစ်စဉ် လူပေါင်းနှစ်သောင်းခန့် သေဆုံးနေရဟု ခန့်မှန်း)။ ၂၀ဝ၁ ခုနှစ်က အိန္ဒိယနိုင်ငံတွင် ခွေးများ သတ်ဖြတ်မှုသည် တရားမဝင်ကြောင်း ဥပဒေထုတ်ပြန်ခဲ့ဖူးသည်။၂၀၁၄ ခုနှစ် ဩဂုတ်လကလည်း ဒေလီရဲတပ်ဖွဲ့က လမ်းပေါ် ခွေးအချို့ကို ဖမ်းဆီးလေ့ကျင့်ပေးကာ ရဲခွေးများအဖြစ် အသုံးပြုခဲ့သည်။ အာဖဂန်နစ္စတန်နိုင်ငံတွင် Nowzard ခေါ် လမ်းဘေးခွေးများကို ကယ်ဆယ်သည့် အဖွဲ့ရှိသည်။ လမ်းပေါ်ရှိ ခွေးအုပ်စုတစ်ခုက အသေခံဗုံးခွဲသူတစ်ဦးကို တားဆီးပေးမှုကြောင့် အမေရိကန်စစ်သား ၅၀ ခန့် အသက် ချမ်းသာရာရခဲ့သည်။ ခွေးအများစုလည်း သေဆုံးခဲ့ကြသည်။ အသက်ရှင်ကျန်သည့် ခွေးမကလေးတစ်ကောင်ကို အမေရိကန်နိုင်ငံသို့ ခေါ်ဆောင်ဂုဏ်ပြုခဲ့သည်ဟုလည်း သိရသည်။ ပါကစ္စတန်နိုင်ငံသည်လည်း ခွေးပေါက်ဖွားမှုများသော နိုင်ငံဖြစ်သည်။ မြို့တော်လာဟိုးတွင် ပြည်သူ့ကျန်းမာရေးဌာနက ခွေးလေခွေးလွင့် အကောင်ပေါင်း ၅၀ဝဝ ခန့်ကို စီမံချက်ချ သတ်ဖြတ်ခဲ့သည်။ ၂၀ဝ၅ ခုနှစ်တွင် အကောင်ပေါင်း ၃၄၉၄၂ ကောင်၊ ၂၀ဝ၉ ခုနှစ်တွင်အကောင်ပေါင်း ၂၇၅၇၆ ကောင်သတ် ဖြတ်ဖယ်ရှားခဲ့သည်။
၂၀၁၂ ခုနှစ်က Multan မြို့ကြီးတွင် ခွေးပေါင်း ၉၀ဝ ခန့်ကို သတ်ဖြတ်ခဲ့ပြီး နောက်ပိုင်းတွင် Animal Safety Organization တိရစ္ဆာန်များ လုံခြုံရေး (ပါကစ္စတန်) အဖွဲ့ ကြီးက ဝန်ကြီးချုပ် Shahbez Sharif ထံ ခွေးများအား မသတ်ဖြတ်ရန် ကာကွယ်ဆေးထိုးခြင်း၊ သားတားခြင်းများသာ ဆောင်ရွက်သင့်ကြောင်း၊ စာရေးအကြောင်းကြားပြီးမှ ရပ်ဆိုင်းသွားခဲ့ကြောင်း သိရသည်။ ဥရောပတွင် ရိုမေးနီးယားနိုင်ငံသည် ခွေးများကြောင့် ပြဿနာကြီးနေသည့် နိုင်ငံဖြစ်ကြောင်း သိရသည်။ လူအများစုမှာ ခွေးကိုက်ခံနေကြရသည်။ ၁၉၇၀၊ ၁၉၈၀ ခုနှစ်များအတွင်း ခေါင်းဆောင်ကြီး ချောင်ဆက် စကူလက်ထက်က မြို့ရွာအများ ချဲ့ထွင်လာခြင်းနှင့်အတူ ခွေးများပါ တိုးပွားများပြားလာရုံမက နေရာအနှံ့ ရောက်သွားခဲ့ကြသည်။၂၀၁၃ ခုနှစ်က မြို့တော်ဘူလ်ခါရက်စ်တွင် ၁၂ နှစ်သား တစ်ဦး ခွေးကိုက်ခံရသဖြင့် သေဆုံးခဲ့ရပြီးနောက်ပိုင်းတွင်မှ ခွေးများကို နည်းအမျိုးမျိုးဖြင့် လျှော့ချခဲ့သည်။၂၀၁၃ ခုနှစ် အောက်တိုဘာလမှ ၂၀၁၅ ခုနှစ် ဇန်နဝါရီလအထိ ခွေးပေါင်း ၅၁၂၀ဝ ခန့်ကို ဖမ်းဆီးပြီး ထက်ဝက်ခန့်ကို သတ်ဖြတ်ခဲ့သည်။ ၂၃၀ဝဝ ခန့်ကို မွေးလိုသူတို့ထံ ပေးခဲ့သည်။ ၂၀ဝဝ ခန့်တို့ကမူ မြို့တော်၏ ခွေးဂေဟာများတွင် ရှိနေဆဲဟု သိရသည်။ ရုရှား နိုင်ငံကမူ ၁၉၀ဝ ပြည့်နှစ်များကပင် ခွေးများကို ဖမ်းဆီး သတ်ဖြတ်ခဲ့သည်ဟု သိရသည်။ စာရေးဆရာ Anton Chek-hov ၏ kashtanka ဝတ္ထု၊ Mikhail Bulgakov ၏ Heart of a Dog ဝတ္ထု၊ Gravrill Troyepolsky ၏ White Bim Black Ear ဝတ္ထုများတွင် ခွေးများ၏ သနားစရာအကြောင်း ရေးဖွဲ့ထားရာ အထူးနာမည်ကြီးခဲ့သည်ဟု သိရသည်။
အမေရိကန်နိုင်ငံတွင် ခွေးဂေဟာများ အလွန်အမင်း ပြည့်လာမှုကြောင့် နှစ်စဉ်ခွေးနှင့် ကြောင်ပေါင်း ၂ ဒသမ ၄ သန်းကို သတ်ပစ်နေရကြောင်း သိရသည်။ ၂၀၁၆ ခုနှစ်က ခွေးပေါင်း ၅၉၂၂၅၅ ကောင်မှ ၈၆၆၃၆၆ ကောင်ခန့်ကို euthanized သေဆုံးစေခဲ့သည်ဟုလည်း သိရသည်။ အာရှ အရှေ့တောင်ပိုင်းရှိ နိုင်ငံများတွင် ဖိလစ်ပိုင်နိုင်ငံက ခွေးများကို သတ်ဖြတ်လေ့မရှိဘဲ အိမ်မွေးခွေးတို့နှင့် သားစပ်မွေးမြူလေ့ရှိသည်ဟု သိရသည်။ Askals အမည်ရှိအဖွဲ့က ဦးဆောင် ဆောင်ရွက်သည်ဟု ဆိုသည်။ ထိုင်းနိ်ုင်ငံတွင် ထိုခွေးများကို Soi dogs များဟုခေါ်ပြီး ခွေးမုဆိုးအချို့က ဖမ်းဆီးသတ်ဖြတ်ကာ တရုတ်နှင့် ဗီယက်နမ်နိုင်ငံများသို့ အသားအဖြစ်ရောင်းချကြသည်။ ထိုင်းနိုင်ငံတွင် လေလွင့်ခွေးပေါင်း ၈ ဒသမ ၅ သန်းခန့်ရှိသည်ဟု ခန့်မှန်းထားပြီး ၇၃၀ဝဝဝ ခန့်တို့မှာ ပိုင်ရှင်များက စွန့်ပစ်ထားကြခြင်း ဖြစ်သည်ဟု ဆိုသည်။ ဗန်ကောက် မြို့တော်တစ်ခုတည်းတွင်ပင် ခွေးပေါင်း တစ်သိန်းမှ သုံးသိန်းခန့် ရှိနေသည်။ အနည်းငယ်ကိုသာ ခွေးရူးရောဂါ ကာကွယ်ဆေး ထိုးနှံပေးနိုင်သေးသည်။ ၁၉၉၀ ပြည့်နှစ်က ခွေးပေါင်း ၂၀ဝဝ ကျော်ကို နေ့စဉ်သုတ်သင်ပစ်နေရသည်။ ၂၀ဝဝ ပြည့်နှစ်က စပြီး Animal Guardians Association တိရစ္ဆာန်ထိန်း သိမ်းသူများအဖွဲ့က ဗုဒ္ဒ၏တရားတော်များနှင့် မညီသော တစ်ပါးသူ အသက်သတ်ခြင်းကို ဆန့်ကျင်သည့် ကမ်ပိန်းတစ်ခုကို ကျယ်ကျယ်ပြန့်ပြန့် လုပ်ခဲ့သည်။ ဗန်ကောက်မြို့တော်တွင် ခွေးများ သန္ဓေတားအစီအစဉ်များ (သားကြောဖြတ်ခြင်း) ဆောင်ရွက်ခဲ့ပြီး pro-life Dog policy ဖြင့် ခွေးများ၏ အသက်နှင့် ရှင်သန်ရေးများ ဆောင်ရွက်ခဲ့သည်။ အများပြည်သူ ဆိုင်ရာနေရာများတွင် ခွေးများကို အစာမကျွေးရအစီအစဉ်လည်း ထားရှိသည်။ ခွေးမွေးသူတို့၏ ခွေးများကို မှတ်ပုံတင်ခြင်း၊ လည်ပင်းတွင် microchip တပ်ဆင်သတ်မှတ်ပေးခြင်း၊ ခွေးရူးရောဂါ ကာကွယ်ဆေးထိုးခြင်းကို အသက်တစ်နှစ် အောက်တွင် ထိုးနှံပေးခြင်း၊ အရွယ်ရောက်ခွေးများကို သန္ဓေတားပေးခြင်းဖြင့် ထိရောက်စွာ ဆောင်ရွက်ပေးနေကြောင်း သိရသည်။
စင်ကာပူနိုင်ငံတွင် Society for Prevention of Cruelty to Animals (SPCA) အဖွဲ့ ကြီးသည် တရားဝင် နာမည်ကြီး တိရစ္ဆာန်ကာကွယ်ရေးအဖွဲ့ ဖြစ်ကြောင်း သိရသည်။ ၁၈၇၈ ခုနှစ် စက်တင်ဘာလ ၃၀ ရက်နေ့က ခွေး ၈၄ ကောင်ကို ထိန်းသိမ်းပေးခြင်းဖြင့် စတင်ခဲ့သည်ဟု သိရသည်။ ခွေးများသာမက ကြောင်၊ နွား၊ ဆိတ်၊ ကြက်များအပြင် ငှက်များကိုပင် ကာကွယ်ပေးလျက်ရှိကြောင်း သိရသည်။ တိရစ္ဆာန်များကို နာကျင်စေလျှင်ပင် ထိုက်သင့်သော အပြစ်ပေး အရေးယူခံရမှုကို ဆောင်ရွက်စေလျက်ရှိသည်။ ၂၄ နာရီ အရေးပေါ်ကယ်ဆယ် ကူညီရေးဌာနကို ဖွင့်ထားသည်။ လေလွင့်ခွေးများ၊ စွန့်ပစ်ခံခွေးများကို shelter ခွေးဂေဟာများစွာ ကျွေးမွေး စောင့်ရှောက်ထားသည်။ ကျန်းမာရေးအတွက် ဆောင်ရွက် ပေးသည်။ School Based Education Programmes ကျောင်းစာသင်ရိုးများတွင် တိရစ္ဆာန်များအပေါ် ကြင်နာသနားတတ်ခြင်းဆိုင်ရာ အစီအစဉ်များ ထည့်သွင်းထားပြီး SPCA နှင့် အလားတူ အဖွဲ့များသို့ ကျောင်းသားများကိုယ်တိုင် သွားရောက်လေ့ လာစေသည်။ SPCA အဖွဲ့သည် နှစ်စဉ် ဒေါ်လာ ၂၄၀ဝဝဝဝ ကျော်မျှ သုံးစွဲနေသည်ဟုဆိုသည်။ ခွေးတစ်ကောင်အတွက် ဆယ်ဒေါ်လာမျှ လှူဒါန်းနိုင်သည်။ လစဉ်ခွေးအပါအဝင် လေလွင့် နှင့် ပိုင်ရှင်မဲ့ တိရစ္ဆာန်ပေါင်း ၁၀ဝ ခန့် လက်ခံ ဆောင်ရွက်ပေးနေရကြောင်းလည်း သိရသည်။ ထို့အပြင် ပျောက်ဆုံးတိရစ္ဆာန်များအား ရှာဖွေပေးခြင်း၊ (microchip) မိုင်ခရိုချစ်ပ်များအား စစ်ဆေးပေးခြင်း၊ မွေးစား လိုသူများထံ စနစ်တကျ အပ်နှံပေးခြင်း၊ မွေးစားနိုင်သည်များကို အမြဲတစေ ကြော်ငြာပေးခြင်း၊ တိရစ္ဆာန်များနှင့် ပတ်သက်သည့် သိမှတ်ဖွယ်များ ဖြန့်ဝေခြင်း၊ ပျော်ရွှင်ဖွယ်ပွဲလမ်းများ၊ ရှိုးပွဲများနှင့် ဆေးဝါး၊ ဓာတ်ခွဲခန်းဆိုင်ရာ ပြပွဲများလုပ်ခြင်း၊ စိတ်ပါဝင်စားသူ လုပ်အားပေးများအား စုဆောင်းခြင်း၊ သင်တန်းပေးခြင်း စသည်တို့ကိုလည်း ဆောင်ရွက်ပေးကြောင်း သိရသည်။
ထို့ကြောင့် လေလွင့်ခွေးများကို မိမိတို့နိုင်ငံ၊ ဒေသအလိုက် သင့်လျော်ရာ နည်းလမ်းများဖြင့် ထိန်းသိမ်းဆောင်ရွက်နေကြသည်ကို တွေ့ရသည်။ ယခင်ကသုံးနေကျ၊ သတ်ဖြတ်ရှင်းလင်းခြင်းထက် အခြားရွေးချယ်ဖွယ် နည်းများတွင် ခွေးများကို သားတားခြင်း ပြုလုပ်ခြင်း (သန္ဓေသားတားခြင်း) လုပ်ခြင်းကို ထောက်ခံမှုလည်း တွေ့ရသည်။ ခွေးတစ်ကောင်ကောင်ကို သင်းခြင်း၊ သားတားခြင်းလုပ်ပြီး သူ့မူလနေရာသို့ ပြန်ထားလိုက်ပါက သူ့ထံမှ သားထပ် မပေါက်နိုင်တော့သည့်အပြင် သူ့နယ်အတွင်းသို့ အခြားခွေးဝင်လာမှုမှလည်း တားဆီးမည်ဖြစ်သည်။ ထို့ပြင် မိတ်လိုက်ခြင်း၊ အဖော်ရှာခြင်းနှင့် ပတ်သက်သည့် ရန်ပွဲများလည်း လျော့ပါးသွားနိုင်သည်ဟု ယူဆကြသည်။ ခွေး အချင်းချင်း ကိုက်မှုနည်းပါးသွားလေ၊ လူကိုကိုက်မှုလည်း လျော့သွားနိုင်လေဖြစ်သည်။ သင်းထား၊ သားတားထားသော ခွေးများကလည်း သက်တမ်းကုန်သည်နှင့် သေဆုံးသွားမည် ဖြစ်သဖြင့် ခွေးကောင်ရေလျော့သွားမည်မှာ အမှန်ဟုဆိုကြ သည်။ သားတားရာတွင် အမများကို ဦးစားပေးဆောင်ရွက်ရန်လိုပြီး အထီးများ ကိုလည်း လုပ်ပေးနိုင်သည်။ (Stray Dogs Management Program Singapore) ခွေးများကို ကာကွယ်ဆေးထိုးခြင်း၊ အခြားတစ်နည်းနည်းဖြင့် သားတားခြင်းနှင့်အတူ ကျန်းမာရေး စစ်ဆေးခြင်း၊ ကာကွယ်ဆေးထိုးခြင်းတို့ကိုပါ လုပ်ပေးနိုင်သည်ဟုလည်း သိရသည်။
ယခုအခါ မြန်မာနိုင်ငံတွင် ခွေး ၃ ဒသမ ၈ သန်းခန့်ရှိနေပြီး ခွေးကိုက်ခံရသူ ၆ သိန်းခန့်ရှိနေကြောင်း သတင်းတစ်ရပ်အရ သိရသည်။ ရန်ကုန်တိုင်းဒေသကြီးတွင် သာကေတမြို့နယ်သည် လေလွင့် ခွေး ၂၅၀ဝ ကျော်ရှိနေသော မြို့နယ်ဖြစ်ပြီး ၂၀၁၉ ခုနှစ်ဧပြီလ အတွင်း ၁၂ နှစ်အရွယ် ကျောင်းသားငယ်တစ်ဦး ခွေးကိုက်ခံရပြီး ခွေးရူးပြန်ရောဂါကြောင့် သေဆုံးခဲ့ရသည်ကို ဝမ်းနည်းဖွယ်လည်း တွေ့ရသည်။ ၂၀၁၇ ခုနှစ်က နိုင်ငံတစ်ဝန်း ခွေးကိုက်ခံရသူ ၁၈၀၃၁၇၀ ရှိခဲ့ပြီး ၂၀၁၈ ခုနှစ်တွင် ၁၉၀ဝဝဝ ကျော်ရှိခဲ့သည် ခွေးရူးပြန်ရောဂါကြောင့် သေဆုံးရာမှာ အနည်းဆုံး ၆၀ မှ အများဆုံး ၉၀ ခန့်ရှိကြောင်း၊ ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန ဗဟိုကူးစက်ရောဂါ တိုက်ဖျက်ရေးဌာနခွဲ၏ စာရင်းများအရ သိရသည်။ ထိုဌာနခွဲမှ ထုတ်ပြန်ချက်အရ နှစ်စဉ် ခွေးကိုက်ခံရသူ များပြားလာသည့်အတွက် နှစ်အလိုက် ခွေးရူးပြန်ရောဂါ ကာကွယ်ဆေး (anti rabies vaccine) နှင့် ခွေးရူးပြန် ရောဂါကုသမှုပဋိပစ္စည်း (rabies immuno-globulin) များ ထိုးနှံပေးရန် ၂၀၁၈ ခုနှစ်မှ၂၀၁၉ ဘဏ္ဍာ နှစ်အတွင်း ၅ ဒသမ ၄ ဘီလီယံကျပ်မျှ သုံးစွဲဝယ်ယူပြီး နိုင်ငံတစ်ဝန်း ဖြန့်ဝေသုံးစွဲစေလျက်ရှိကြောင်းလည်း သိရသည်။ ရန်ကုန်တိုင်းဒေသကြီးနှင့် တိုင်းဒေသကြီး၊ ပြည်နယ်အသီးသီးရှိ ဆေးရုံများတွင် ထိုးနှံပေးလျက်ရှိသည်ကိုလည်း တွေ့ရပါသည်။ ၂၅-၅-၁၉ ရက်နေ့ထုတ် မြန်မာ့အလင်းသတင်းစာတွင် မကွေး တိုင်းဒေသကြီး ပခုက္ကူခရိုင် ရေစကြိုမြို့နယ်နှင့် ပခုက္ကူမြို့နယ်ကြားရှိ ပန်းတိုင်ခြုံကျေးရွာအနီး မြေ ၁၅ ဧက အကျယ်တွင် ၂၀၁၁ ခုနှစ်က ဖွင့်လှစ်ခဲ့သော မေတ္တာစိမ့်စမ်း တိရစ္ဆာန်ကာကွယ် စောင့်ရှောက်ရေး ဘေးမဲ့ဥယျာဉ်အကြောင်း ဖတ်ရှုရပါသည်။ မြန်မာနိုင်ငံအရပ်ရပ် လာရောက်ပေးပို့ထားသော တိရစ္ဆာန် ၁၃ မျိုး၊ ကောင်ရေ ၅၄၀ နီးပါးရှိနေပြီး နွားအရွယ်စုံ ၃၁၂ ကောင်၊ ကျွဲအရွယ်စုံ ၁၁ ကောင်၊ ခွေး ၅၇ ကောင်၊ ဆိတ် ၄၆ ကောင်၊ မျောက် ငါးကောင်၊ ယုန်အကောင်၂၀၊ ဝက်၂၈ ကောင်၊ ကြက် ၁၅ ကောင်၊ လိပ်နှစ်ကောင်၊ ကြောင်၂၉ ကောင်၊ ကြောင်နံ့သာ တစ်ကောင်၊ ဘဲ ငါးကောင်၊ ငန်း ၁၀ ကောင်၊ ရွှေသမင် တစ်ကောင်တို့ ရှိနေသည်ဟု သိရသည်။ အစာဖိုး လစဉ်ပျှမ်းမျှ သိန်း ၇၀ ကျော် ကုန်ကျနေပြီး အနယ်နယ် အရပ်ရပ်မှ အလှူငွေကျပ် ၂၈ သိန်းခန့်ရနေသဖြင့် ရုန်းကန်နေရကြောင်း သိရသည်။ အလားတူပင် အနယ်နယ်ရှိ ခွေး ဂေဟာ တည်ထောင်သူအများစုတို့မှာ အခက်အခဲများရှိနေကြောင်း သိရပါသည်။ နိုင်ငံသီးသီးက သင့်လျော်ရာနည်းများဖြင့် ထိန်းသိမ်းဆောင်ရွက်နေကြသလို မြန်မာနိုင်ငံအနေဖြင့်လည်း မိမိနှင့် သင့်လျော်သောနည်းဖြင့် အောင်မြင်စွာ ဆောင်ရွက်နိုင်လိမ့်မည် ဖြစ်ပါသည်။ လေလွင့်ခွေးများ ထိန်းသိမ်းလျှော့ချရာတွင် ဘာသာအယူအဆ၊ ယဉ်ကျေးမှုဆိုင်ရာ အယူအဆများလည်း ပါဝင်နေသည်ဖြစ်ရာ မိမိတို့နှင့် အသင့်လျော်ဆုံး နည်းလမ်းကို ရွေးချယ်ဆောင်ရွက်နေကြခြင်းဖြစ်သည်။ သက်ဆိုင်ရာဌာနများနှင့်အတူ စေတနာရှင်များနှင့် အများပြည်သူတို့က ကူညီပါဝင်ဆောင်ရွက်ကြရန် လိုအပ်ပါသည်။
ခွေးကိုက်ခံရပါက
ခွေးအပါအဝင် Rodents ခေါ် သွားဖြင့်ကိုက်တတ်သော သတ္တဝါများ၊ သွေးနွေးသတ္တဝါများ ကုတ်ခြစ်၊ အကိုက်ခံရလျှင် အောက်ပါအတိုင်း လိုက်နာဆောင်ရွက်သင့်ပါသည်။
၁။ခွေးကိုက်သည့် နေရာကိုရေများများဖြင့် ဆေးကြောပါ။ ၁၅ မိနစ်ခန့် ဆက်တိုက်ဆေးကြောပါ။ ဆပ်ပြာဖြင့် ထပ်မံဆေးကြောပါ။
၂။သန့်ရှင်းစွာထားပြီး ပိုးသတ်ဆေးရှိက သုတ်လိမ်းပေးနိုင်ပါသည်။ ဒဏ်ရာကို ဆေးမြီးတိုများ မလိမ်းရပါ။ မညှစ်ရပါ။
၃။ခွေး၏ တံတွေးတွင် ခွေးရူးပြန်ရောဂါပိုး ပါဝင်သဖြင့် လူကို မကူးစက်စေရန် ခွေးရူးပြန်ကာကွယ်ဆေး အမြန်ထိုးနှံရန် လိုအပ်ပါသည်။ ဆေးရုံ၊ ဆေးခန်းသို့ အမြန်သွားရောက်ပြီး ထိုးဆေးကိုထိုးနှံပါ။
၄။ဒဏ်ရာကိုချုပ်ဖို့ လိုအပ်ပါက Immunoglobulin (Ready made antibody) ခေါ် ပဋိပစ္စည်းကို ဒဏ်ရာအနီး တစ်ဝိုက်တွင်ထိုးပြီး တစ်နာရီကြာမှ ချုပ်ရပါမည်။ လိုအပ်ပါက မေးခိုင်ရောဂါကာကွယ် ဆေးပါထိုးနှံရပါမည်။
ထို့ကြောင့် ဆေးရုံ၊ ဆေးခန်းများသို့သာ အမြန်သွား ရောက်ရန်လိုပါသည်။ အထူးသဖြင့် ခွေးလေခွေးလွင့်များ၏ တံတွေးတွင် ခွေးရူးပြန်ရောဂါပိုး ပါရှိနေပါသည်။ ခွေးကိုက်မိပြီးသည်နှင့် ထိုရောဂါပိုး Rabies Virus တို့ ပျံ့နှံ့မသွားမီ ကာကွယ်ဆေးနှင့် ပဋိ ပစ္စည်းတို့ကို ထိုးနှံပေးရန်လိုပါသည်။ အရွယ်မရွေး ထိုးနှံရပါမည်။ ကိုယ်ဝန်ဆောင်များပါ ထိုးရပါမည်။ ခွေးကိုက်ခံရပြီး ခွေးရူးပြန် ရောဂါ ဖြစ်လာနိုင်သည့်အတွက် မပေါ့ဆသင့်ပါ။ ယင်းအတွက် Second chance ဒုတိယအခွင့်အရေးမရှိပါ။ ရောဂါဖြစ်ပါက မည်သည့်ဆေးနှင့်မျှ ကုသမရနိုင်တော့ပါ။ ထို့ကြောင့် လေလွင့်ခွေး၊ လမ်းဘေး ခွေးလေခွေးလွင့် ပြဿနာများကို သတိ၊ အသိရှိရှိ နိုင်ငံသားတိုင်း ဝိုင်းဝန်း လက်တွဲ ဖြေရှင်းသင့်သည်ဖြစ်ပါကြောင်း။
မြန်မာ့အလင်း