လေးမျက်နှာ စက်တင်ဘာ ၁၁
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ်အတွင်းရှိ ရပ်ကွက်ကျေးရွာနေပြည်သူများအား အိမ်ထောင်စုစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကိုင်ဆောင်နိုင်ရေးအတွက် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံး ဝန်ထမ်းများမှ ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့နံနက် (၉)နာရီက ပန်းခင်းစီမံချက်ဖြင့် ဘိသလွန်ကျေးရွာသို့ ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ထိုသို့ ဆောင်ရွက်ပေးရာတွင် အသက်၁၆ နှစ်နှင့် အထက် ကိုင်ဆောင်လက်မှတ်မရှိသေးသူများကို အဓိကထားဆောင်ရွက်ပေးခြင်းအပြင် အသက်၁၀နှစ်နှင့်အထက် ပြည့်ပြီးသူတိုင်း နိုင်ငံသားကတ်အသစ်ပြုလုပ်ပေးခြင်း၊ လဲလှယ်ပေးခြင်းနှင့် ပျောက်ဆုံးခြင်းများကို နိုင်ငံသားစိစစ်ရေးကတ်ပြားပြုလုပ်ရာတွင် သတ်မှတ်ထားသည့် အထောက်အထားများပြည့်စုံစွာဖြင့် ဥပဒေနှင့်အညီ ဆောင်ရွက်ပေးလျက်ရှိပြီး ပန်းခင်းစီမံချက်ဖြင့် မြို့နယ်အတွင်းရှိ ပြည်သူများနိုင်ငံသားအခွင့်အရေးမဆုံးရှုံးစေရန် ကိုင်ဆောင်သင့်သည့်ကတ်တစ်မျိုးမျိုးကိုင်ဆောင်နိုင်ရေး၊ အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများကို ကွင်းဆင်းဆောင်ရွက်ပေးခဲ့လျက်ရှိသည်။
ထိုသို့ကွင်းဆင်းဆောင်ရွက်ရာသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးသိန်းဆိုင်၊ အဖွဲ့ဝင်(၁)ဗိုလ်မှူးရဲရင့်နောင်နှင့် အဖွဲ့ဝင်များ ကြည့်ရှုစစ်ဆေးခဲ့ပြီး အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့သည်။ "ပြည်သူများအားလူမှုဘဝပြည့်စုံဖို့ နိုင်ငံသားကတ် ကိုင်ကြစို့" ဆောင်ပုဒ်နှင့်အညီပန်းခင်းစီမံချက်ဖြင့် ၂၀၂၁ ခုနှစ် မေ ၃ ရက်မှ စတင်ကာ ၂၀၂၂ ခုနှစ်နိုဝင်ဘာ ၃ ရက်နေ့ အထိ ၁၈ လတာ ကာလအတွင်း ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ကျော်ဟိန်း(လေးမျက်နှာ)


