လေးမျက်နှာ ၁၀ ဇွန်

 

ဒေသအတွင်း ငါးစားသုံးမှု ဖူလုံပိုလျှံစေရေး၊ ငါးမျိုးများရေရှည်တည်တံ့ ပြန့်ပွားစေရေးနှင့် ငါးသယံဇာတပြုန်း တီးမှုလျော့နည်း၍ ငါးမျိုးစိတ်များ ထိန်းသိမ်းနိုင်ရေးအတွက် ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ လေးမျက်နှာ မြို့နယ် ငါးလုပ်ငန်းဦးစီးဌာနမှ လဟာကြီးကျေးရွာအုပ်စု၊ လဟာကြီးကျေးရွာရှိ ကြေးတိုင်အင်းအတွင်း ငါးသားပေါက် ကောင်ရေ ၇၀၀၀၀  စိုက်ထည့်ခြင်းကို ဇွန် ၉ ရက် နံနက် ၈ နာရီက ဆောင်ရွက်ခဲ့သည်။

 

အဆိုပါ ငါးမျိုးစိုက်ထည့်ခြင်းအခမ်းအနားသို့ တိုင်းဒေသကြီးငါးလုပ်ငန်းဦးစီးဌာနမှူး ဦးစောအောင်ရဲထွဋ် လွင်၊ ဟင်္သာတခရိုင် ငါးလုပ်ငန်းဦးစီးဌာနမှူး ဦးတင့်လွင်နှင့် ဝန်ထမ်းများ၊ မြို့နယ်ငါးလုပ်ငန်းဦးစီးဌာန၊ ဦးစီးမှူး ဒေါ်လဲ့လဲ့အောင်နှင့် ဝန်ထမ်းများ၊ ဒု-မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဂရန်ကိုင်အင်းသားကြီးနှင့် အင်းသား၊ အင်းသူများ တက်ရောက်ခဲ့ကြပြီး အင်းအတွင်းသို့ တောင်ပေါ်ငါးသလောက် ၃၀၀၀၀ နှင့် ငါးမြစ်ချင်း သားပေါက်ကောင်ရေ ၄၀၀၀၀ စုစုပေါင်း ငါးသားပေါက်ကောင်ရေ ၇၀၀၀၀ တို့ကို စိုက်ထည့်ပေးခဲ့ကြောင်း သိရသည်။

 

လေးမျက်နှာမြို့နယ် ငါးလုပ်ငန်းဦးစီးဌာနအနေဖြင့် နှစ်စဉ်ဆောင်ရွက်နေသော အင်းများအတွင်း ငါးမျိုး စိုက်ထည့်မှုနှင့် ပတ်သက်၍ ငါးသယံဇာတတိုးပွားရေးအတွက် ငါးမျိုးသစ်များ တိုးချဲ့မျိုးစိုက်ထည့်ခြင်းဖြင့်  ငါးရိက္ခာ တိုးပွားစေမည်ဖြစ်သလို ယခုလို မိုးဦးကျကာလနှင့် မိုးတွင်းကာလများမှာ မွေးမြူရေးငါးများကို မျိုးစိုက်ထည့် သည့်အပြင် နှစ်တစ်နှစ်၏ အင်းရာသီကုန်ဆုံးချိန်တွင် တိုင်းရင်းမျိုး ငါးများကို မျိုးချန်ခြင်း၊ မျိုးစိုက်ခြင်းများ ဆောင်ရွက်ခြင်းသည်လည်း ငါးသယံဇာတ ထိန်းသိမ်းခြင်းကို ပိုမိုထိရောက်စေသော လုပ်ဆောင်ချက်များဖြစ်ကြောင်း၊ ယခုထည့်သွင်းပေးသော ငါးမျိုးများမှာ ဟင်္သာတငါးလုပ်ငန်းစခန်းမှ စနစ်တကျမွေးမြူထားသော အာဟာရ ပြည့်ဝသည့် ငါးမျိုးများဖြစ်ကြောင်း မြို့နယ်ငါးလုပ်ငန်းဦးစီးမှူး ဒေါ်လဲ့လဲ့အောင်က ပြောသည်။


ရွှေမိုး(လေးမျက်နှာ)