လေးမျက်နှာ ၂၄ ဇွန်
ဧရာဝတီတိုင်းဒေသကြီး လေးမျက်နှာမြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားနေသည့် ကာလအတွင်း တောင်သူများအား ၂၀၂၀ ပြည့်နှစ် မိုးစပါးစိုက်ပျိုးစရိတ်ချေးငွေများကို ကျန်းမာရေးလမ်းညွှန်ချက်များနှင့်အညီ မေ ၁၅ ရက်မှစတင်၍ စနစ်တကျထုတ်ချေးပေးလျက်ရှိကြောင်း သိရသည်။
ယင်းသို့ ထုတ်ချေးရာတွင် လေးမျက်နှာမြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်အနေဖြင့် တောင်သူများ စိုက်ပျိုးချိန်အမီ စိုက်ပျိုးစရိတ်ချေးငွေရရှိစေဖို့ ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားနေသည့်ကာလအတွင်း တောင်သူနှင့် ဘဏ်ဝန်ထမ်းများ ရောဂါအန္တရာယ်ကင်းရှင်းစေရေးအတွက် ကျန်းမာရေး လမ်းညွှန်ချက်များနှင့်အညီ လက်ဆေးဘေစင်များထားရှိခြင်း၊ နှာခေါင်းစည်းများ တပ်ဆင်စေခြင်း၊ တောင်သူများတစ်ဦးနှင့်တစ်ဦး ခြောက်ပေအကွာနေရာများထားရှိ၍ စနစ်တကျထုတ်ချေးပေးလျက်ရှိကြောင်း၊ လေးမျက်နှာဘဏ်ခွဲအနေဖြင့် ၂၀၂၀ ပြည့်နှစ် မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေကို မေ ၁၅ ရက်မှ စတင်ထုတ်ချေးပြီး ဇွန် ၂၃ ရက်အထိ ကျေးရွာအုပ်စု ၂၃ အုပ်စု၊ တောင်သူ ၃၀၃၉ ဦး၊ စိုက်ပျိုးဧက ၁၉၃၇၀၊ ငွေကျပ်သန်းပေါင်း ၂၉၀၅ ဒသမ ၅၀၀၀၀၀ ကို ထုတ်ချေးပေးပြီးဖြစ်ကြောင်း၊ လေးမျက်နှာမြို့နယ်အတွင်း ၂၀၂၀ မိုးစပါးစိုက်ပျိုးစရိတ်ချေးငွေကို ကျေးရွာအုပ်စု ၄၇ အုပ်စုရှိ ဘဏ်အဖွဲ့ဝင်တောင်သူများကို ချေးငွေ ကျပ်သန်းပေါင်း ၆၃၈၇ ဒသမ ၇၅၀၀၀၀ ခန့်ကို ထုတ်ချေးပေးရန် လျာထားပြီး မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေအပြင် အချိန်စေ့ချေးငွေကြေသူ တောင်သူလယ်သမားများအား ကိုဗစ်-၁၉ အထူးချေငွေအဖြစ် တစ်ဧက ငွေကျပ် ၅၀၀၀၀ နှုန်းဖြင့် အမြန်ဆုံး ထုတ်ချေးပေးနိုင်ရေး ဆောင်ရွက်နေကြောင်း မြို့နယ်ဘဏ် မန်နေဂျာ ဒေါ်ခင်လေးနွယ်က ပြောသည်။
ရွှေမိုး(လေးမျက်နှာ)


