လေးမျက်နှာ   ၈   မေ

ဧရာဝတီတိုင်းဒေသကြီး လေးမျက်နှာမြို့နယ်တွင် မိုးရာသီကာလအတွင်း သဘာဝပတ်ဝန်းကျင် စိမ်းလန်းစိုပြေရေးအတွက် ဒေသခံပြည်သူများအနေဖြင့် ပျိုးပင်များ အခမဲ့စိုက်ပျိုးနိုင်ရန် ရည်ရွယ်၍ လေးမျက်နှာမြို့နယ် သစ်တောဦးစီးဌာနမှ ပျိုးဥယျာဉ်တို့တွင် ပျိုးပင်ပေါင်း ၃၆၈၉၀၀ ကိုပျိုးထောင်ထားရှိ ပြီးဖြစ်ကြောင်း သိရသည်။

 

လေးမျက်နှာမြို့နယ် သစ်တောဦးစီးဌာနအနေဖြင့် ၂၀၂၀ ပြည့်နှစ် မိုးရာသီတွင် စိုက်ပျိုးရန်အတွက် နိုင်ငံပိုင်စီးပွားရေး ကျွန်းစိုက်ခင်းဧက ၂၀၀ အား လေးမျက်နှာကြိုးဝိုင်းအကွက်အမှတ်(၂၃)တွင် တည်ထောင် စိုက်ပျိုးနိုင်ရန် ကျွန်းပျိုးပင်ပေါင်း ၂၉၀၄၀၀ ပင် ပျိုးထောင်ထားရှိပြီးဖြစ်ကြောင်း၊ သဘာဝတန်ဖိုးမြှင့် စိုက်ပျိုးခြင်းအနေဖြင့် လေးမျက်နှာကြိုးဝိုင်းအကွက် အမှတ်(၆၅)တွင် ဧက ၅၀၀ တည်ထောင်စိုက်ပျိုးမည် ဖြစ်ပြီး ကျွန်းပျိုးပင်ပေါင်း ၃၈၅၀၀ ပင်ကို ပျိုးထောင်ထားရှိပြီးဖြစ်ကြောင်း၊ လူထုဖြန့်ပျိုးပင်များအနေဖြင့် ကျွန်းပျိုးပင် ၂၀၀၀၀ နှင့် မန်ဂျန်ရှားပျိုးပင် ၂၀၀၀၀ တို့ကို လေးမျက်နှာမြို့နယ် သစ်တောဦးစီးဌာန မြို့မပျိုးဥယျာဉ်နှင့် ကျားကိုက်ကွင်းသစ်တောပျိုးဥယျာဉ်တို့တွင် ပျိုးပင်စုစုပေါင်း ၄၀၀၀၀ ကို ပျိုးထောင် ထားရှိပြီးဖြစ်ကြောင်း မြို့နယ်သစ်တောဦးစီးအရာရှိ ဦးကျော်မိုးဟိန်းထံမှ သိရသည်။

 

လာမည့် ဇွန်၊ ဇူလိုင် မိုးရာသီကာလအတွင်း ပျိုးပင်များအား အခမဲ့ဖြန့်ဝေမည်ဖြစ်ပြီး ဒေသနှင့် ကိုက်ညီသည့် ပျိုးပင်များကို ဦးစားပေးပျိုးထောင်ပေးထားခြင်းဖြစ်ကြောင်း၊ ယခင်နှစ်ကလည်း ပျိုးပင်ပေါင်း ၇၄၀၀၀ ကိုဖြန့်ဝေပေးခဲ့ပြီး ယခုနှစ်တွင်လည်း လူထုအားဖြန့်ဝေရန်၊ ဒေသခံပြည်သူအစုအဖွဲ့ပိုင်သစ်တော၊ သဘာဝတန်ဖိုးမြှင့် စိုက်ခင်းများနှင့် ဌာနဆိုင်ရာများသို့ ဖြန့်ဝေရန်စီစဉ်ထားပြီး ယခုနှစ်မိုးရာသီကာလတွင် စိုက်ပျိုးရန်အတွက် ပျိုးပင်စုစုပေါင်း ၃၆၈၉၀၀ ပင် ပျိုးထောင်ထားကြောင်း မြို့နယ်သစ်တောဦးစီးမှူးရုံးမှ သိရသည်။

ရွှေမိုး(ပြန်ဆက်)