လေးမျက်နှာ  ၁၂   ဧပြီ   

ကိုဗစ်-၁၉ ကမ္ဘာ့ကပ်ရောဂါကြောင့် သင်္ကြန်ကာလအတွင်း ပုံမှန်ဝင်ငွေမရှိသည့် အခြေခံလူတန်းစား အိမ်ထောင်စုများအတွက် နိုင်ငံတော်မှ ထောက်ပံ့သော အခြေခံစားသောက်ကုန်(၅)မျိုး ထောက်ပံ့ပေးအပ်ခြင်းကို ဧပြီ ၁၁ ရက် မွန်းလွဲ(၁)နာရီက ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ်အတွင်းရှိ ကျေးရွာအုပ်စု (၃)အုပ်စုအား စတင်‌ဝေငှပေးလျက်ရှိ‌ကြောင်း သိရသည်။

 

ထိုသို့ ထောက်ပံ့ပေးအပ်ရာတွင် ‌လေးမျက်နှာမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဇော်မင်းသိန်း၊ မြို့နယ် ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်ရေး ကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦး‌ကျော်ထွန်းနှင့် ကော်မတီဝင်များ၊ ဌာနဆိုင်ရာများ၊ ရပ်/ကျေးအုပ်ချုပ်ရေးမှူးများ၊ ရပ်/ကျေးစာရေးများ၊ လူမှုကူညီရေးအသင်း အဖွဲ့များနှင့် ရပ်မိ၊ ရပ်ဖတို့က သုံးဆက်ကျေးရွာအုပ်စု၊ လက်မြန်မာကျေးရွာအုပ်စုနှင့် လက်ကရင်ကျေးရွာအုပ်စုရှိ အိမ်ထောင်စု (၃၀၀)အတွက် အိမ်ထောင်စု တစ်စုလျှင် အခြေခံစားသောက်ကုန် (၅)မျိုးဖြစ်သော ဆန်(၈)ပြည်၊ ဆီ(၅၀)ကျပ်သား၊ ဆား(၁)ပိဿာ၊ ပဲ (၁)ပိဿာနှင့် ကြက်သွန်နီ(၁)ပိဿာတို့ကို ကျေးလက်‌‌ဒေသနေ အခြေခံလူတန်းစားများ၏ လက်ဝယ်အရောက် စတင်ဖြန့်‌ဝေပေးလျက်ရှိပြီး၊ ကျန်ရှိနေသေးသည့် မြို့နယ်အတွင်းရှိ ကျေးရွာအုပ်စုများမှ အိမ်ထောင်စုများအား ဆက်လက်ထောက်ပံ့ ပေးအပ်သွားမည်ဖြစ်ကြောင်း မြို့နယ်အုပ်ချုပ်ရေးမှူးထံမှ သိရသည်။

ရွှေမိုး(ပြန်ဆက်)