လေးမျက်နှာ မေ ၂၄

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ်၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ပညာရေးဝန်ကြီးဌာန အခြေခံပညာကျောင်းများတွင် “ကျောင်းနေအရွယ် ကလေးအားလုံး ပညာရေးမဝေးဖို့ ကျောင်းအမြန်အပ်နှံစို့” ဆောင်ပုဒ်အတိုင်း ကျောင်းအပ်နှံရေးသီတင်းပတ် ဒုတိယနေ့အဖြစ် ယနေ့နံနက် ၈ နာရီမှစတင်ပြီး မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများအားလုံးတွင် ကျောင်းအပ်လက်ခံလျက်ရှိသည်။

ကျောင်းအပ်နှံသည့် ကျောင်းသားကျောင်းသူများအား ကျောင်းသုံးစာအုပ်၊ ဗလာစာအုပ်၊ ဘောပင်၊ ခဲတံနှင့် ကျောင်းဝတ်စုံများ ထောက်ပံ့ပေးအပ်လျက်ရှိပြီး အဆိုပါ ကျောင်းအပ်လက်ခံရာကျောင်းများသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်များ၊ မြို့နယ်ပညာရေးမှူး ဒေါ်ငွေဌေးတို့မှ လိုက်လံကြည့်ရှု အားပေးလျက်ရှိသည်။ လေးမျက်နှာမြို့နယ်၌ အခြေခံပညာကျောင်းပေါင်း (၁၇၇)ကျောင်းရှိရာ အ.ထ.က ကျောင်း (၈)ကျောင်း၊ အ.ထ.က(ခွဲ) ကျောင်း (၁၂)ကျောင်း၊ အ.လ.က ကျောင်း (၈)ကျောင်း၊ အ.လ.က(ခွဲ)ကျောင်း (၈)ကျောင်း၊ အ.မ.က မူလွန်ကျောင်း (၄)ကျောင်း၊ အ.မ.က ကျောင်း (၁၂၉)ကျောင်း၊ အခြေခံပညာမူလတန်းကျောင်းခွဲ (၇)ကျောင်း၊ ဘုန်းတော်ကြီးသင် မူလတန်းကျောင်း (၁)ကျောင်းတို့တွင် စတင်၍ ကျောင်းအပ်လက်ခံလျက်ရှိပြီး မေ ၂၃ ရက်မှ ၃၁ ရက်အထိ ကျောင်းအပ်လက်ခံပေးသွားမည်ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

မြို့နယ်(ပြန်/ဆက်)