လေးမျက်နှာ   ၁၇    အောက်တိုဘာ

 

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ် လူမှုဝန်ထမ်းဦးစီးဌာနမှ ကိုယ်ဝန်ဆောင် မိခင်များနှင့် ၎င်းတို့မှမွေးဖွားသော အသက်(၂)နှစ်အောက် ကလေးသူငယ်များအား ငွေကြေး ထောက်ပံ့ခြင်း အစီအစဉ်မိတ်ဆက်ခြင်းနှင့် ODK ဖြင့် အကျိုးခံစားသူစာရင်းသွင်းခြင်းသင်တန်းကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ယမန်နေ့နံနက် ၉ နာရီက ဖွင့်လှစ် သင်ကြားပေးခဲ့ကြောင်း သိရသည်။

 

သင်တန်းတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်ထွန်းက အဖွင့်အမှာစကားပြောကြားပြီး မြို့နယ် လူမှုဝန်ထမ်း ဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်စန်းစန်းဝင်းက ကိုယ်ဝန်ဆောင်မိခင်များနှင့် ၎င်းတို့မှ မွေးဖွားသော အသက် (၂)နှစ်အောက် ကလေးသူငယ်များအား ငွေကြေးထောက်ပံ့ခြင်း အစီအစဉ် မိတ်ဆက်ရှင်းလင်းခြင်းနှင့် ODK နည်းဖြင့် အကျိုးခံစားသူစာရင်းသွင်းခြင်းနှင့် ပတ်သက်၍ ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များကို မြို့နယ်အတွင်းရှိ ရပ်/ကျေးစာရေးများအား သင်ကြားပို့ချ ပေးခြင်းဖြစ်ကြောင်း သိရသည်။

 

သင်တန်းသင်ကြားရာတွင် မသိရှိ နားမလည်ပါက မေးမြန်းပြီး စနစ်တကျလိုက်နာမှတ်သားကြရန်နှင့် နိုင်ငံတော်မှ အသက်(၂)နှစ်အောက်ကလေးများနှင့် ကိုယ်ဝန် ဆောင်မိခင်များအား တစ်လလျှင် (၁၅၀ဝ၀) ကျပ်နှုန်းဖြင့် သုံးလတစ်ကြိမ် ထောက်ပံ့ပေးသွားမည်ဖြစ်ပြီး ၂၀၂၀ ပြည့်နှစ် အောက်တိုဘာလမှ ဒီဇင်ဘာလအထိ သုံးလစာ ကျပ်ငွေ (၄၅၀ဝ၀) ကို ထောက်ပံ့ပေးမည်ဖြစ်ကြောင်း ရှင်း လင်းပြောကြားသည်။

 

အဆိုပါ သင်တန်းသို့ လေးမျက်နှာမြို့နယ်အတွင်းရှိ ရပ်ကွက်နှင့် ကျေးရွာအုပ်စု (၄၈)အုပ်စုက ရပ်/ကျေးစာရေးများ တက်ရောက်ကြပြီး ကိုဗစ်-၁၉ ကာလ လူစုလူဝေးမဖြစ်စေရန် အားကစားနှင့် ကျန်းမာရေး ဝန်ကြီးဌာနမှ သတ်မှတ်ထားသော လမ်းညွှန်ချက်များနှင့်အညီ သင်ကြားပေးမည် ဖြစ်ကြောင်း မြို့နယ်လူမှုဝန်ထမ်းဦးစီးအရာရှိ ဒေါ်စန်းစန်းဝင်းထံမှ သိရသည်။

 

ကျော်ဟိန်း(ပြန်/ဆက်)