လေးမျက်နှာ၊  ၂၂  ဇန်နဝါရီ 

ဧရာဝတီတိုင်းဒေသကြီး၊ လေးမျက်နှာမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနက အိုင်သပြု ကျေးရွာအုပ်စု သခင်ဖိုးလှကြီးကျေးရွာတွင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနခွင့်ပြုရန်ပုံငွေဖြင့် သောက်သုံးရေဖူလုံစွာရရှိရေး စက်ရေတွင်းတူးဖော်ခြင်းနှင့် ဆက်စပ်လုပ်ငန်း ဆောင်ရွက်နေမှု အခြေအနေများကို ဇန်နဝါရီ ၂၁ ရက် မွန်းလွဲပိုင်းက ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် တိုင်းဒေသကြီးကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးဌာနမှ ဦးသန့်ဇော်လွင်(ဒုတိယညွန်ကြားရေးမှူး-နည်းပညာ)၊ မြို့နယ်ကျေးလက် ဦးစီးမှူးဦးစိုးကျော်သူနှင့် ဝန်ထမ်းများ အိုင်သပြုကျေးရွာအုပ်စု၊ သခင်ဖိုးလှကြီးကျေးရွာ သောက်သုံးရေဖူလုံစွာရရှိရေးအတွက် စက်ရေတွင်းတူးဖော်ခြင်းနှင့် အုတ်ရေကန်၊ ရေစက်ရုံဆောင်ရွက်နေမှုများကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို ဖြည့်စွက်မှာကြားခဲ့သည်။

အဆိုပါ သခင်ဖိုးလှကြီးကျေးရွာစက်ရေတွင်းတူးဖော်ခြင်းလုပ်ငန်းကို ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်တွင် ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာန ခွင့်ပြုရန်ပုံငွေကျပ် (၁၀.၆၇)သန်းဖြင့် အကျယ် ၄ လက်မ အနက် ပေ ၄၀ဝ ခန့်ရှိ စက်ရေတွင်းတူးဖော်ခြင်း၊ ဂါလန် ၂၀ဝ၀ ဆံ့ အုတ်ရေကန် တည်ဆောက်ခြင်း၊ အလျား ၁၂ ပေ၊ အနံ ၆ ပေ၊ အမြင့် ၅ ပေရှိ ရေစက်ရုံတည်ဆောက်ခြင်း လုပ်ငန်းများကို ထွန်းလသာကုမ္ပဏီမှ ဆောင်ရွက်လျက်ရှိကြောင်း၊ အဆိုပါရေတွင်းတူးဖော်ခြင်းနှင့် ဆက်စပ်လုပ်ငန်းများ ဆောင်ရွက်ပြီးစီးပါက ကျေးရွာအိမ်ခြေ ၉၃ အိမ်၊ လူဦးရေ ၃၆၀ နှင့် ကျွဲ၊ နွား တိရစ္ဆာန်များအတွက် နွေရာသီသောက်သုံးရေ အခက်အခဲများ အဆင်ပြေသွားမည်ဖြစ်ကြောင်း သိရသည်။

ဝေဝေ(လေးမျက်နှာ)