လေးမျက်နှာ   ၄   အောက်တိုဘာ 

 

ဧရာဝတီတိုင်းဒေသကြီး၊ လေးမျက်နှာမြို့နယ်တွင် တာတမံပြုပြင်ခြင်းလုပ်ငန်းများတွင် အသုံးပြုခဲ့သောမြေယာများ အတွက် နစ်နာကြေးပေးအပ်ပွဲကို အောက်တိုဘာ ၁ ရက်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေး ခန်းမ၌ ပြုလုပ်ခဲ့သည်။

 

ရှေးဦးစွာ လေးမျက်နှာမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဇော်မင်းသိန်းက မြို့နယ်စည်ပင်သာယာရေး ကော်မတီမှ တာတမံပြုပြင်ခြင်းလုပ်ငန်းများတွင် အသုံးပြုခဲ့သော မြေယာများအတွက် လျော်ကြေးပြန်လည် ပေးအပ်နိုင်ရန် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် တစ်ဉီးအနေဖြင့် နစ်နာသူတောင်သူများ၏ တင်ပြတောင်းခံမှုအပေါ် ဆောင်ရွက်ပေးခြင်းဖြစ်ကြောင်း၊ ဗဟိုမြေစစ်ကော်မတီက ချမှတ်ထားသည့် မူဝါဒ (၅၂)ချက်နှင့်အညီ စိစစ်၍ မြို့နယ် မြေဧရိယာ(၁၄)ဧကအတွက် လျော်ကြေးငွေ ပြန်လည်ပေးအပ်ခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။

 

ဆက်လက်၍ မြို့နယ်လယ်ယာမြေနှင့် အခြားမြေများသိမ်းဆည်းခံရမှုများ ပြန်လည်စိစစ်ရေးကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်ထွန်းနှင့် မြို့နယ်ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေး ဦးစီးဌာန ဦးစီးအရာရှိ ဦးဘုန်းခိုင်ဇော်တို့မှ တာတမံပြုပြင်ခြင်းလုပ်ငန်းများတွင် အသုံးပြုမှုအတွက် မြေယာနစ်နာကြေးပေးအပ်ခြင်း နှင့်ပတ်သတ်၍ ရှင်းလင်းပြောကြားသည်။

 

ယင်းနောက် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်၊ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် မြို့နယ်စည်ပင်သာယာရေးဥက္ကဋ္ဌတို့မှ တောင်သူဦးသက်နိုင်ဦး၏ မြေဧရိယာ (၃.၀၀) ဧကအတွက် မြေယာ လျော်ကြေးငွေကျပ် သိန်း ၆၀ ကိုလည်းကောင်း၊ တောင်သူဦးဌေးလှိုင်၏ မြေဧရိယာ (၁.၅၀) ဧကအတွက် မြေယာ လျော်ကြေးငွေကျပ် သိန်း ၇၀ ကိုလည်းကောင်း၊ တောင်သူဦးရဲမြင့်၏ မြေဧရိယာ (၂.၀၀)ဧကအတွက် ငွေကျပ် ၈၆ သိန်းကိုလည်းကောင်း၊ တောင်သူဒေါ်စောဟန်၏ မြေဧရိယာ (၂.၀၀) ဧကအတွက် မြေယာ လျော်ကြေးငွေကျပ် ၈၅၅၀၀၀၀ ကိုလည်းကောင်း၊ တောင်သူ ဦးမောင်လေး၏ မြေဧရိယာ (၂.၀၀) ဧကအတွက် မြေယာ လျော်ကြေးငွေကျပ် သိန်း ၉၀ ကို လည်းကောင်း၊ တောင်သူ ဦးသန်းငြိမ်း၏ မြေဧရိယာ(၁.၅၀)ဧကအတွက် ငွေကျပ် ၃၇၅၀၀၀၀ ကိုလည်းကောင်း၊ တောင်သူဦးအုန်းကျော်၏ မြေဧရိယာ (၂.၀၀) ဧကအတွက် မြေယာ လျော်ကြေးငွေကျပ် ၈၇၅၀၀၀၀ ကိုလည်းကောင်း စုစုပေါင်း မြေယာလျော်ကြေး ငွေကျပ် ၅၁၆၅၀၀၀၀ (ငါးရာတစ်ဆယ့်ခြောက်သိန်းငါးသောင်းကျပ်)အား တောင်သူများ လက်ဝယ်သို့ လွှဲပြောင်းပေးအပ် ခဲ့ကြောင်း သိရသည်။

 

ကျော်ဟိန်း(လေးမျက်နှာ)