လေးမျက်နှာ ၁၄ မတ်
ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ်၊ ကြီး ပေါက်ကုန်းအုပ်စု၊ နင်းကြမ်းကျေးရွာရှိ ဖြူစင်မေတ္တာနာရေးနှင့် လူမှုကူညီရေးအသင်းသို့ အသက်ကယ်အောက်စီဂျင်အိုးများနှင့် ဆက်စပ်ပစ္စည်းများ ပေးအပ်လှူဒါန်းပွဲကို အဆိုပါကျေးရွာရှိ ဗုဒ္ဓဝါဒီ ကျောင်းတိုက်၌ ယနေ့ နံနက် ၁၀ နာရီက ကျင်းပပြုလုပ်သည်။
ယင်းသို့ လှူဒါန်းခြင်းကို ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ်၊ မုဒိတာ အိမ်ရာ(၁) မုဒိတာတွဲလက်များ အောက်စီဂျင်လေ အလှူတော်အသင်းနှင့် ကျေးရွာအလှူရှင်များ စုပေါင်းလှူဒါန်းခြင်းဖြစ်သည်။
အခမ်းအနားတွင် နင်းကြမ်းကျေးရွာ၊ ကျေးလက်ကျန်းမာရေးဌာနမှ တာဝန်ရှိသူ ဒေါ်စိုးစိုးခိုင်က အောက်စီဂျင် အိုး စနစ်တကျအသုံးပြုပုံ၊ အသုံးဝင်ပုံနှင့် လတ်တလော နိုင်ငံတစ်ဝန်း ဖြစ်ပွားနေသည့် (Covid-19) အဆုတ်ရောင်ရောဂါနှင့် ပတ်သက်၍ ကြိုတင်ကာကွယ်ရေးနည်းလမ်းများကို ရှင်းလင်းပြောကြားသည်။
ဆက်လက်၍ ရန်ကုန်မြို့ မုဒိတာတွဲလက်များ အောက်စီဂျင်လေအလှူတော်အသင်းမှ အသင်းစတင်တည်ထောင်သူ Founder ဦးရဲထွန်းက လုပ်ငန်း အတွေ့အကြုံများနှင့် အသက်ကယ်အောက်စီဂျင် အိုးများ လှူဒါန်းရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားသည်။
ယင်းနောက် မုဒိတာတွဲလက်များ အောက်စီဂျင်လေ အလှူတော်အသင်းမှ အောက်စီဂျင်အိုးနှင့် ဆက်စက်ပစ္စည်း (၁၂)လုံး၊ နင်းကြမ်း ကျေးရွာ ဗုဒ္ဓဝါဒီကျောင်းတိုက်ဆရာတော်နှင့် ကျေးရွာအလှူရှင်တို့ စုပေါင်းလှူဒါန်းသည့် အောက်စီဂျင်အိုးနှင့် ဆက်စပ်ပစ္စည်း (၁၃)လုံး၊ စုစုပေါင်း(၂၅)လုံးအား ဖြူစင်မေတ္တာ နာရေးနှင့် လှုမှုကူညီရေးအသင်းသို့ ပေးအပ်လှူဒါန်းရာ ဖြုစင် မေတ္တာအသင်းမှ တာဝန်ရှိသူများက အလှူရှင်များအား ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ကြသည်။

အဆိုပါ ဖြူစင်မေတ္တာ နာရေးနှင့် လှုမှုကူညီရေးအသင်းအား နင်းကြမ်းကျေးရွာ ဗုဒ္ဓဝါဒီကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တကုသလ အရှင်သူမြတ်မှ ဦး ဆောင်၍ ၂၀၁၃ ခုနှစ် ဩဂုတ်လတွင် စတင်တည်ထောင်ခဲ့ပြီး အောက်စီဂျင်လိုအပ်သော ဝေဒနာရှင်များအတွက်၂၄ နာရီ (အခမဲ့) လှူဒါန်းပေးလျက်ရှိကြောင်းနှင့် ရပ်ရွာနာရေးတို့တွင်လည်း ပါဝင်ကူညီ ပေးလျက်ရှိရာ လေးမျက်နှာမြို့နယ်ရှိ ကျေးလက်ဒေသနေ မိဘပြည်သူများ ဆက်သွယ်အကူအညီတောင်းခံနိုင်ရန် အသင်းရဲ့လိပ်စာနှင့်အတူ ဖုန်းနံပါတ်များပါသည့် သတင်းစကား လက်ကမ်းစာစောင်များကို အခမ်းအနားသို့ တက်ရောက်လာသူများအား ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
ရွှေမိုး(လေးမျက်နှာ)