လေးမျက်နှာ ဇူလိုင် ၃၀

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊  လေးမျက်နှာမြို့နယ်တွင် အသက်(၆၅)နှစ်နှင့် အထက် ဘိုးဘွား ၁၀၀၄၆ ဦးအား ကိုဗစ် -၁၉ ရောဂါ ကာကွယ်ဆေး စတင်ထိုးနှံခြင်းကို ဇူလိုင် ၃၀ ရက်  နံနက်ပိုင်းက စတင်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ထိုးနှံရာတွင် လူဦးရေထူထပ်သော မြို့ပေါ်ရပ်ကွက်များအား ဦးစားပေးအဖြစ် စတင်ထိုးနှံခြင်း ဖြစ်ပြီး မြို့ပေါ်ရပ်ကွက် ငါးရပ်ကွက်နှင့် အနီးအနားရှိ ကျေးရွာများမှ ဘိုးဘွားများကို  ဆေးထိုး စုရပ်၌ ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။  

ဆေးထိုးနှံမှု စနစ်တကျရှိစေရန်အတွက် မြို့နယ်ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး လုပ်ငန်းကော်မတီက တစ်မြို့နယ်လုံးအတွက် ကာကွယ်ဆေးထိုး စိစစ်ကြီးကြပ်ရေးအဖွဲ့ ငါးဖွဲ့  ဖွဲ့စည်းကာ ရပ်ကွက်နှင့် တိုက်နယ်များအလိုက် ကြီးကြပ်ဆောင်ရွက်လျက်ရှိပြီး မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးသိန်းဆိုင်၊ အဖွဲ့ဝင်(၁) ဗိုလ်မှူးရဲရင့်နောင်နှင့် တာဝန်ရှိသူများကလည်း ဆေးထိုးနှံနေမှုများကို ကွင်းဆင်းကြည့်ရှု၍ အားပေးကူညီမှုများ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

လေးမျက်နှာတွင် မြတ်စေတနာဆေးထိုးစုရပ်၌ လူဦးရေ ၁၀၀ ခန့်ကို စတင်ထိုးနှံပေးနိုင်ခဲ့ပြီး ကျန်ရက်များတွင်လည်း ဆက်လက်ထိုးနှံ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ကာကွယ်ဆေး ထိုးနှံ လိုသူများအား တာဝန်ရှိသူများက အဆင့်ဆင့်ဆက်သွယ်ဆောင်ရွက်လျက်ရှိကြောင်း မြို့နယ် ပြည်သူ့ဆေးရုံရှိ  တာဝန်ရှိသူတစ်ဦးထံမှ  သိရသည်။

ကျော်ဟိန်း(ပြန်/ဆက်)