လေးမျက်နှာ၊ ၄  ဒီဇင်ဘာ

 

ဧရာဝတီတိုင်းဒေသကြီး၊ လေးမျက်နှာမြို့နယ်တွင် COVID-19 ရောဂါကူးစက်ပြန့်ပွားမှုမရှိစေရေးအတွက် စားသောက်ဆိုင်များ ဆိုင်ထိုင်ရောင်းချခြင်းမပြုဘဲ ပါဆယ်(Take-Away) စနစ်ဖြင့်လည်းကောင်း၊ မြို့နယ်အတွင်းစျေးဆိုင်များ၊ စတိုးဆိုင်များ၊ အိမ်ဆိုင်များ အလုပ်ရုံများသတ်မှတ်ထားရှိသည့် စည်းကမ်းချက်များအား လိုက်နာဆောင်ရွက်မှု ရှိ/မရှိ မြို့နယ် စည်ကမ်းထိန်းသိမ်းရေး အဖွဲ့မှ ဒီဇင်ဘာ ၃ ရက် နေ့ မွန်းလွဲပိုင်းတွင်လိုက်လံ စစ်ဆေးခဲ့ရှိ‌‌ကြောင်း သိရသည်။

 

မြန်မာနိုင်ငံ၌ COVID-19 ရောဂါ ဆင့်ပွားကူးစက်မှု ခံနေရသူများထဲတွင် လက်ဖက်ရည်ဆိုင်များနှင့် စားသောက်ဆိုင်များတွင် ဆိုင်ထိုင်စားသောက်ခြင်းမှ ရောဂါကူးစက်ခံရသူများ ပါဝင်နေကြောင်း စိစစ်တွေ့ရှိရသဖြင့် လေးမျက်နှာမြို့နယ်နိမိတ်အတွင်းရှိ ဖွင့်လှစ်ရောင်းချနေသော လက်ဖက်ရည်ဆိုင်၊ စားသောက်ဆိုင်၊ စတိုးဆိုင်၊ အိမ်ဆိုင်၊ လမ်းဘေးဈေးဆိုင်များအား စားသုံးသူများ ဝင်ရောက်စားသုံးရန်အတွက် ဆိုင်တည်ခင်း ရောင်းချခြင်းမပြုဘဲ ဆိုင်ဝင်ပေါက်တွင် အတားအဆီးထားရှိ၍ ပါဆယ်(Take-Away) စနစ်ဖြင့်သာ ရောင်းချရန်၊ အဆိုပါ ပါဆယ်စနစ်ဖြင့် ရောင်းချရာတွင် mask တပ်ဆင်ရန်၊ လက်အိတ်များဝတ်ဆင်၍ ရောင်းချသွားရန် အသိပညာပေးနှိုးဆော်ခြင်း၊ သတ်မှတ်ထားရှိသည့် စည်းကမ်းချက်များလိုက်နာ ဆောင်ရွက်မှုများအား မြို့နယ် စည်ကမ်းထိန်းသိမ်းရေး အဖွဲ့မှ စစ်ဆေးကြပ်မတ်ခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

 

ဝေဝေ(လေးမျက်နှာ)