လေးမျက်နှာ  ၇  အောက်တိုဘာ

             

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာ အုပ်စုများမှ စာရေး ဝန်ထမ်း(၇၆) ဦးအတွက် ထောက်ပံ့ငွေပေးအပ်ခြင်းကို ယနေ့ မွန်းလွဲ ၁ နာရီက မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့သည်။

          

အခမ်းအနားတွင် လေးမျက်နှာမြို့နယ် အုပ်ချုပ်ရေးမှူး ဦးကျော်ထွန်းက ရပ်ကွက်/ကျေးရွာအုပ်စု(၄၈)စုမှ စာရေးဝန်ထမ်းများအနေဖြင့် ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် ဆောင်ရွက်ရသည့်လုပ်ငန်းများ၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်ရေး ဆိုင်ရာလုပ်ငန်းများတွင် ပူးပေါင်းပါဝင် ဆောင်ရွက်ခြင်း၊ အသိပေးကြေညာချက်များအား ရပ်ကွက်/ ကျေးရွာများအတွင်း နေ့စဉ်လှည့်လည် ကြေညာခြင်းနှင့် အခြေခံလူတန်းစားများအား ထောက်ပံ့ငွေပေးအပ်ရန်အတွက် စာရင်းဇယားပြုစု/ ထောက်ပံ့ခြင်းစသည်တို့ ဆောင်ရွက်ရသည့် လုပ်ငန်းများအတွက် ဂုဏ်ပြုထောက်ပံ့ခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။

           

ထို့နောက် မြို့နယ်အုပ်ချုပ်ရေးမှူးဦးကျော်ထွန်း၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်ဇေဝဏ္ဏသူတို့က လေးမျက်နှာမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတွင် တာဝန်ထမ်းဆောင်လျက်ရှိသော ရပ်ကွက် /ကျေးရွာစာရေး ဝန်ထမ်း(၇၆)ဦးအား တစ်ဦးလျှင် ထောက်ပံ့ငွေ ကျပ်တစ်သိန်းကို ဝန်ထမ်းများ၏ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

 

ကျော်ဟိန်း(ပြန်/ဆက်)