လေးမျက်နှာ ၂ အောက်တိုဘာ
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ်တွင် တာတမံပြုပြင်ခြင်း လုပ်ငန်းများတွင် စည်ပင်သာယာရေးကော်မတီမှ ၂၀၁၉- ၂၀၂၀ ဘဏ္ဍာနှစ်အတွင်း စည်ပင်ဧရိယာ(၁၄)ဧကအတွက် တောင်သူများသို့ မြေယာနစ်နာကြေးငွေ(၅၁၆၅၀၀၀၀)ကျပ်ပေးအပ်ပွဲကို အောက်တိုဘာ ၁ ရက် နံနက်ပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
ရှေးဦးစွာ လေးမျက်နှာမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဦးဇော်မင်းသိန်းက မြို့နယ်စည်ပင် သာယာရေးကော်မတီမှ တာတမံပြုပြင်ခြင်းလုပ်ငန်းများတွင်အသုံးပြုခဲ့သော မြေယာများအတွက် လျော်ကြေးပြန်လည်ပေးအပ်နိုင်ရန် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်တစ်ဉီးအနေဖြင့် နစ်နာသူတောင်သူများ၏ တင်ပြတောင်းခံမှုအပေါ် ဆောင်ရွက်ပေးခြင်းဖြစ်ကြောင်း၊ ဗဟိုမြေစစ်ကော်မတီက ချမှတ်ထားသည့် မူဝါဒ( ၅၂)ချက်နှင့်အညီ စီစစ်၍ မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ သုဿာန်မြေ အဖြစ် အသုံးပြုခဲ့သည့် မြေဧရိယာ(၁၄)ဧကအတွက် လျော်ကြေးငွေများကို ပြန်လည်ပေးအပ်ခြင်း ဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။
ဆက်လက်၍ မြို့နယ်လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခံရမှုများ ပြန်လည်စိစစ်ရေးကော်မတီ ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်ထွန်းနှင့် မြို့နယ်ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေး ဦးစီးဌာန ဦးစီးအရာရှိ ဦးဘုန်းခိုင်ဇော်တို့မှ တာတမံပြုပြင်ခြင်းလုပ်ငန်းများတွင် အသုံးပြုမှုအတွက် မြေယာနစ်နာကြေးပေးအပ်ခြင်းနှင့်ပတ်သတ်၍ ဆက်လက်ရှင်းလင်းပြောကြားသည်။ ယင်းနောက် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်၊ မြို့နယ်အုပ်ချုပ် ရေးမှူးနှင့် မြို့နယ်စည်ပင်သာယာရေးဥက္ကဋ္ဌတို့က တောင်သူ ဦးသက်နိုင်ဦး၏ မြေဧရိယာ (၃ ဒသမ ၀၀) ဧကအတွက် မြေယာ လျော်ကြေး ငွေကျပ် (၆၀၀၀၀၀၀)ကို လည်းကောင်း၊ တောင်သူ ဦးဌေးလှိုင်၏ မြေဧရိယာ ဧက (၁ ဒသမ ၅၀) အတွက် မြေယာ လျော်ကြေးငွေကျပ်(၇၀၀၀၀၀၀)ကို လည်းကောင်း၊ တောင်သူ ဦးရဲမြင့်၏ မြေဧရိယာ (၂ ဒသမ ၀၀)ဧက အတွက် ငွေကျပ်(၈၆၀၀၀၀၀)ကိုလည်းကောင်း၊ တောင်သူ ဒေါ်စောဟန်၏ မြေဧရိယာ (၂ ဒသမ ၀၀) ဧကအတွက် မြေယာ လျော်ကြေးငွေကျပ် (၈၅၅၀၀၀၀) ကိုလည်းကောင်း၊ တောင်သူ ဦးမောင်လေး၏ မြေဧရိယာ (၂ ဒသမ ၀၀) ဧကအတွက် မြေယာ လျော်ကြေးငွေကျပ် (၉၀၀၀၀၀၀) ကို လည်းကောင်း၊ တောင်သူ ဦးသန်းငြိမ်း၏ မြေဧရိယာ ဧက (၁ ဒသမ ၅၀)ဧကအတွက် ငွေကျပ် (၃၇၅၀၀၀၀)ကိုလည်းကောင်း၊တောင်သူဦးအုန်းကျော်၏ မြေဧရိယာ (၂ ဒသမ ၀၀) ဧကအတွက် မြေယာ လျော်ကြေးငွေကျပ်(၈၇၅၀၀၀၀)သိန်းကို လည်းကောင်း၊ စုစုပေါင်း မြေယာလျော်ကြေးငွေကျပ် ၅၁၆၅၀၀၀၀ အား တောင်သူများလက်ဝယ်သို့ လွှဲပြောင်းပေးအပ်ခဲ့ပြီး တောင်သူတစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ကြောင်း သိရသည်။
ကျော်ဟိန်း(လေးမျက်နှာ)