လေးနိုင်ငံ ယူ-၁၆ ဖိတ်ခေါ်ပြိုင်ပွဲတွင် အိမ်ရှင်မြန်မာအသင်း ရှုံးပွဲကြုံတွေ့

mdn

နေပြည်တော်  ၁၄ သြဂုတ်

လေးနိုင်ငံ ယူ-၁၆ ဖိတ်ခေါ်ပြိုင်ပွဲ အုပ်စုပထမနေ့ကို ယနေ့ညနေပိုင်းက မန္တလေးမြို့ရှိ မန္တလာသီရိကွင်း၌ စတင်ကျင်းပရာ တောင်ကိုရီးယားနှင့် အင်ဒိုနီးရှားအသင်း နိုင်ပွဲရပြီး အိမ်ရှင်မြန်မာအသင်း ရှုံးပွဲကြုံတွေ့ခဲ့သည်။

မြန်မာ ယူ-၁၆ အသင်းသည် အဖွင့်ပွဲအဖြစ် အင်ဒိုနီးရှားအသင်းနှင့် တွေ့ဆုံခဲ့ပြီး နှစ်ဂိုး-ဂိုးမရှိဖြင့် ရှုံးနိမ့်ခဲ့သည်။ မြန်မာ ယူ-၁၆ အသင်းသည် နည်းပြသစ် ဦးမင်းသူကိုင်တွယ်အပြီး တစ်ပတ်အကြာတွင် ယှဉ်ပြိုင်ရသည့် ပွဲဖြစ်သောကြောင့် ပုံစံကောင်း ပြသနိုင်ခြင်းမရှိဘဲ ရှုံးပွဲကြုံတွေ့ခဲ့ရခြင်း ဖြစ်သည်။

နိုင်ငံခြားသား နည်းပြနှစ်ဦး ကိုင်တွယ်ခဲ့သည့် မြန်မာ ယူ-၁၆ အသင်းသည် ဦးမင်းသူလက်ထက်တွင် အသစ်ပြန်လည် တည်ဆောက်နေရပြီး ပြင်ဆင်ချိန်မှာလည်း ရက်အနည်းငယ်သာ ရှိသောကြောင့် အင်ဒိုနီးရှားကို အရှုံးပေးခဲ့ရခြင်း ဖြစ်သည်။ 

ပြီးခဲ့သည့် အာဆီယံ ယူ-၁၅ ပြိုင်ပွဲတွင် မြန်မာအသင်းကို ငါးဂိုးပြတ် အနိုင်ရခဲ့သည့် အင်ဒိုနီးရှားအသင်းသည် ယခုပွဲတွင် နှစ်ဂိုးဖြင့်သာ အနိုင်ရခဲ့သည်။

အင်ဒိုနီးရှားအသင်းသည် ပွဲစကတည်းက တိုက်စစ်ဖွင့်ကစားခဲ့ပြီး ပထမပိုင်းတွင် မြန်မာကစားသမားများမှာ စိုးရိမ်စိတ်များပြီး အမှားများနေသောကြောင့် အခွင့်အရေးပိုရခဲ့သည်။ ၂၉ မိနစ်တွင် အင်ဒိုနီးရှားအသင်း ဂိုးစရခဲ့ပြီး ဒီဝါရီက သွင်းယူခဲ့ခြင်းဖြစ်သည်။

ဂိုးပေးလိုက်ရပြီး နောက်ပိုင်းတွင် မြန်မာအသင်း ချေပဂိုးရရန် ကြိုးပမ်းလာသော်လည်း အမှားများနေသောကြောင့် ထင်တိုင်း မပေါက်ခဲ့ပေ။ ဒုတိယပိုင်းတွင် ပွဲမှာ အပြန်အလှန်ရှိလာသော်လည်း အင်ဒိုနီးရှားအသင်းက ဂိုးရနိုင်သည့် အခွင့်အရေး ပိုရခဲ့ပြီး ၅၉ မိနစ်တွင် အသင်းခေါင်းဆောင် အာမက်က သွင်းယူခဲ့သည်။

ယင်းနောက်ပိုင်းတွင် မြန်မာအသင်း ချေပဂိုးရရန် ကြိုးပမ်းသော်လည်း အင်ဒိုနီးရှားအသင်းက ထိန်းကစားသွားခဲ့သည်။ ပထမပွဲတွင် တောင်ကိုရီးယားအသင်းက မွန်တီနီဂရိုးအသင်းကို လေးဂိုးပြတ်အနိုင်ရခဲ့သည်။

တောင်ကိုရီးယား အသင်းသည် ပွဲချိန်ပြည့် ခြေအသာဖြင့် ကစားကာ ဂိုးပြတ်အနိုင်ယူခဲ့ခြင်း ဖြစ်သည်။ တောင်ကိုရီးယား
အသင်းအတွက် ဂိုးများကို ချန်ဟာမင်က ၂၃၊ ၃၄၊ ၄၈ မိနစ်တွင် ဟက်ထရစ်သွင်းယူခဲ့ပြီး ကျန်တစ်ဂိုးကို ၇၇ မိနစ်တွင် လီဆူမင်က သွင်းယူခဲ့သည်။ 

အုပ်စုဒုတိယနေ့ကို သြဂုတ် ၁၆ ရက်တွင် ဆက်လက်ကျင်းပမည်ဖြစ်ပြီး ညနေ ၃ နာရီတွင် အင်ဒိုနီးရှားနှင့် မွန်တီနီဂရိုး၊ ညနေ ၆ နာရီတွင် မြန်မာအသင်းနှင့် တောင်ကိုရီးယားအသင်းတို့ ယှဉ်ပြိုင်ကစားမည် ဖြစ်သည်။

သတင်း- ညီမြတ်သော်တာ
ဓာတ်ပုံ- ဖိုးသော်ဇင်