လေးနိုင်ငံ ယူ-၁၆ ဖိတ်ခေါ်ပြိုင်ပွဲတွင် တောင်ကိုရီးယားအသင်း ဗိုလ်စွဲ

၁၈ သြဂုတ်


လေးနိုင်ငံ ယူ-၁၆ ဖိတ်ခေါ်ပြိုင်ပွဲ အုပ်စုတတိယနေ့ကို ယနေ့ညနေပိုင်းက မန္တလေးမြို့ရှိ မန္တလာသီရိကွင်း၌ ဆက်လက်ကျင်းပရာ တောင်ကိုရီးယားအသင်း ဗိုလ်စွဲခဲ့သည်။


နောက်ဆုံးနေ့တွင် တောင်ကိုရီးယားနှင့် အင်ဒိုနီးရှားအသင်း တစ်ဂိုးစီသရေကျပြီး မွန်တီနီဂရိုးအသင်းက အိမ်ရှင်မြန်မာအသင်းကို သုံးဂိုး-တစ်ဂိုးဖြင့် အနိုင်ရခဲ့သည်။ ချန်ပီယံဆုအဆုံးအဖြတ်ပွဲတွင် တောင်ကိုရီးယားအသင်းက သရေကစားကာ ဂိုးကွာခြားချက်အသာဖြင့် ချန်ပီယံဆုရယူနိုင်ခဲ့ခြင်းဖြစ်သည်။ အင်ဒိုနီးရှားအသင်းသည် တောင်ကိုရီးယားအသင်းကို ခြေရည်တူကစားနိုင်ခဲ့ပြီး မိနစ် ၈၀ ကျော်တွင် သွင်းယူသည့်ဂိုးဖြင့် ဦးဆောင်နိုင်သော်လည်း ပွဲပြီးခါနီးတွင် ဂိုးပေးလိုက်ရသောကြောင့် သရေကျပြီး ဒုတိယနေရာဖြင့် ကျေနပ်ခဲ့ရခြင်းဖြစ်သည်။ မြန်မာအသင်းသည် ၂၇ မိနစ်တွင် ဝေယံမင်းသူ သွင်းယူသည့် ပယ်နယ်တီဂိုးဖြင့် ဦးဆောင်နိုင်သော်လည်း ဂိုးများပြန်ပေးလိုက်ရသောကြောင့် ရှုံးပွဲကြုံတွေ့ခဲ့ခြင်းဖြစ်သည်။ 


ပြိုင်ပွဲအပြီးတွင် တောင်ကိုရီးယားနှင့် အင်ဒိုနီးရှားအသင်းတို့ နှစ်ပွဲနိုင်၊ တစ်ပွဲသရေ၊ ခုနစ်မှတ်စီရထားသော်လည်း ဂိုးကွာခြားချက်ဖြင့် တောင်ကိုရီးယားအသင်းက ပထမ၊ အင်ဒိုနီးရှားအသင်းက ဒုတိယရရှိခဲ့သည်။ မွန်တီနီဂရိုးအသင်းက တစ်ပွဲနိုင်၊ နှစ်ပွဲရှုံး၊ သုံးမှတ်ဖြင့် တတိယ၊ မြန်မာအသင်းက သုံးပွဲစလုံးရှုံးပြီး အုပ်စုအောက်ဆုံးနေရာတွင် ရပ်တည်ခဲ့သည်။ 


မြန်မာနှင့် မွန်တီနီဂရိုးပွဲအပြီးတွင် ဆုချီးမြင့်ပွဲ ဆက်လက်ကျင်းပရာ ပထမဆုရ တောင်ကိုရီးယားအသင်းကို ချန်ပီယံဆုဖလားနှင့် တစ်ဦးချင်းဆုတံဆိပ်၊ ဒုတိယဆုရ အင်ဒိုနီးရှားအသင်းအား တစ်ဦးချင်းဆုတံဆိပ်တို့ကို မန္တလေးတိုင်းဒေသကြီး နယ်စပ်ရေးရာနှင့် လုံခြုံရေးဝန်ကြီး ဗိုလ်မှူးကြီး ကျော်ကျော်မင်း၊ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူး ဦးကိုကိုသိန်းနှင့် အား/ကာမှ တာဝန်ရှိပုဂ္ဂိုလ်များက ပေးအပ်ချီးမြင့်သည်။


သတင်း-ရဲရင့်ရှိုင်း