ဖိုးကျား (ဆေးဝါး)

မြန်မာပြည်သားများသည် လေးညှင်းပင်နှင့် ဇာတိပ္ဖိုလ်ပင်များ စိုက်ပျိုးရေးကို စိတ်မဝင်စားကြသည်မှာ မည်သည့်အကြောင်းကြောင့်ဖြစ်သည်ကို စာရေးသူအနေဖြင့် စဉ်းစား၍မရပါ။ ဤဆေးဖက်ဝင် အပင်နှစ်မျိုးကို ၁၉၇၅ ခုနှစ်များက အပင်ကို စိုက်ပျိုးကြရန် ထိုခေတ်အခါရှိ နိုင်ငံတော်အစိုးရက ပြည်သူများကို အသိပေးနှိုးဆော်ခဲ့ပေသည်။ စာရေးသူ အနေဖြင့်လည်း ၁၉၇၈ ခုနှစ် မြန်မာ့အလင်းသတင်းစာတွင် ဆောင်းပါးရေးကာ အချက်အလက် ပြည့်စုံစွာဖြင့် တိုက်တွန်း နှိုးဆော်ခဲ့ဖူးပါသည်။

ဆက်လက်ကြိုးစား

ထိုနှစ်ကာလများအတွင်း  လယ်ယာစိုက်ပျိုးရေးနှင့် သစ်တောဝန်ကြီးဌာန ဝန်ကြီး ဗိုလ်မှူးကြီး ရဲခေါင်သည် ရန်ကုန်မြို့ ရွှေတိဂုံဘုရားလမ်းရှိ စိုက်ပျိုးရေးဦးစီးဌာနရုံးချုပ် အနီရောင် အဆောက်အအုံကြီး၌ အထူးအစည်းအဝေး ပြုလုပ်စေခဲ့သည်။ ထိုအစည်းအဝေးသို့ စာရေးသူကိုလည်း ဖိတ်ခေါ်ခဲ့သည်။ ဆွေးနွေးခဲ့ကြသည်မှာ ဇာတိပ္ဖိုလ်ပင်များကို စိုက်ပျိုးရေး သုတေသနခြံများတွင် စိုက်ပျိုးကြရာ ပွင့်ပြီးသီးကြသော်လည်း ထိုအသီးများသည် ရင့်မှည့်ခြင်းမရှိဘဲ အချိန်စောစွာ ကြွကျေပျက်စီးခြင်း ပြဿနာရှိနေကြောင်း၊ ဗဟုသုတရှိသူများက အဖြေရှာ အကြံပြုစေလိုကြောင်းဖြင့် ဆွေးနွေးခဲ့ကြသည်။ ထို့နောက် စိုက်ပျိုးရေးခြံများတွင် ဆက်လက်ကြိုးစားသည်ကို သိခဲ့ရသည်။

၂၀ဝ၅ ခုနှစ်တွင် စာရေးသူသည် ဆေးဝါးတက္ကသိုလ် University of Pharmacy (ရန်ကုန်)တွင် ဆေးဝါးသိပ္ပံ မဟာဘွဲ့ (Master of Pharmacy-M.Pharm) ကျောင်းသားများကို ဆေးဝါးပစ္စည်းများအကြောင်း သင်ကြားပို့ချရာတွင် မြန်မာပြည်မှ ရရှိနိုင်သော ဆေးဝါးပစ္စည်း အမျိုးအစားစာရင်းကို ပြုစုနေချိန်တွင် ငပလီသို့ အပန်းဖြေသွားရောက်ခဲ့လေသည်။

ငပလီရှိ လင်းသာဟိုတယ် (လင်းသာရွာ) တွင် တည်းခို နေစဉ် ဆူနာမီရေလှိုင်း ဖြစ်လာခဲ့သော် ခိုအောင်းနိုင်ရန် ယင်း လင်းသာ ဟိုတယ်အနီး နောက်ကျောရှိ တောင်ကုန်းကလေးဘက်သို့ လမ်းလျှောက်ခဲ့ရာ နိုင်ငံတော် စိုက်ပျိုးရေးခြံကို တွေ့ရှိခဲ့ရသည်။ ထိုခြံအတွင်း၌ အပွင့်အသီးများဖြင့် ရှင်သန်နေသော ဇာတိပ္ဖိုလ်ပင်များနှင့်တကွ ထိုဒေသခံ အစိုးရ ဝန်ထမ်းတို့က အောင်မြင်စွာ စိုက်ပျိုးထားသည်ကို စာရေးသူကိုယ်တိုင် တွေ့ရှိခဲ့ပါသည်။ အလွန်လှပသော ကြက်သွေးရောင်အပွင့်များနှင့် အသီးများကို မြင်တွေ့ခဲ့ရသည်။

တစ်ဖန်များမကြာမီက သံတွဲခရိုင်ဖြစ်သည့် ဂွမြို့နယ်တွင်လည်း ဒေသခံတစ်ဦးက ဇာတိပ္ဖိုလ်ပင်များကို ၎င်း၏ခြံဝင်းအတွင်း၌ စိုက်ပျိုးထားကြောင်း သိရပြန်သည်။ ထို့ကြောင့် ဤသည်များကို သုံးသပ်ကြည့်ပါမူ ဤနှစ်ရှည်ပင်နှစ်မျိုးသည် ပင်လယ်လေနှင့် ပင်လယ်အခိုးအငွေ့ကို ကြိုက်နှစ်သက်ကြောင်း စာပေများတွင် တွေ့ရသည့် သုတေသနရလဒ်များမှာ မှန်ကန်သည်ဟု ယူဆရပါမည်။ မြေအမျိုးအစားကို သိပ်မရွေးဘဲ ပူအိုက် စိုစွတ်ခြင်းကို နှစ်သက်သည်ဖြစ်၍ အတွေ့အကြုံရှိသော သီရိလင်္ကာတွင် လေးညှင်းပင်များကို အုန်းပင်အုန်းတောများကြားတွင် အောင်မြင်စွာ စိုက်ပျိုးကြကြောင်း သိရသည်။ ယခုအခါ စိုက်ပျိုးရေးပညာရှင် ဦးမြင့်ဆွေသည် မြန်မာ့အသံ (ရေဒီယို)မှ တစ်ဆင့် စိုက်ပျိုးရေးရာအဖြာဖြာ ပညာများ ဖြန့်ဝေလျက်ရှိပါသည်။ အကြံဉာဏ်ကောင်းများ ပေးလျက် ရှိသည်။

လုပ်ငန်းများ ပေါ်ပေါက်လာနိုင်မည်

ဤအပင်နှစ်မျိုးမှ အသီးအပွင့်များကို စနစ်တကျသန့်စင် ထုပ်ပိုးရောင်းချနိုင်ခြင်း၊ အဆီများ ထုတ်လုပ်ရောင်းချခြင်း၊ ဆေးဝါးများ၊ စားသောက်ကုန်များ၊ သွားတိုက်ဆေးစသည်များကို ထပ်ဆင့်ထုတ်လုပ် ရရှိနိုင်သည်ဖြစ်၍ တိုင်းရင်းသား မိသားစုများအတွက် တစ်ပိုင်တစ်နိုင် လုပ်ငန်းများ၊ SME အဆင့် လုပ်ငန်းများ ပေါ်ပေါက်လာနိုင်မည်ဖြစ်သည်။ နိုင်ငံခြားပို့ကုန်များ အဖြစ်လည်း ဖော်ထုတ်ပေးနိုင်ဖွယ်ရာ အကြောင်းရှိ သည်။

လေးညှင်းပွင့်၊ လေးညှင်းဖူးနှင့် ဇာတိပ္ဖိုလ်အသီးအပွင့်များ၏ တိုင်းရင်းဆေးဖက်ဝင်ပုံနှင့် အနောက်တိုင်း ဆေးဖက်ဝင်ပုံများမှာ များပြားလှပေသည်။ တိုးတက်ခေတ်မီနေသော နိုင်ငံကြီးများ၏ တရားဝင်ဆေးကျမ်း Pharmacopoeia များတွင်လည်း အတိအလင်း ပြဋ္ဌာန်းထားကြသည်။ ထို့ကြောင့် ၎င်းတို့၏ အသုံးဝင်ပုံများကို ဤနေရာတွင် အထူးဖော်ပြရန် မလိုတော့ပါ။

၁၉၉၀ ပြည့်နှစ်က ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ဝေသော မြန်မာ့တိုင်းရင်းဆေးပညာ ဦးစီးဌာန ဌာနသုံးဆေးနည်းများ စာအုပ်တွင် အစွမ်းထက်သော ဆေးဝါး ၁၅ မျိုးခန့်တွင် လေးညှင်း၊ ဇာတိပ္ဖိုလ်နှင့် ဇာပွင့်များပါဝင် သုံးစွဲထားပါသည်။ မြန်မာ့တိုင်းရင်းဆေးများကို မှီဝဲသူများအတွက် များစွာအရေး ကြီးပေသည်။

သတိပြုသင့်

ဇာတိပ္ဖိုလ်သီးအတုများကိုလည်း သတိပြုသင့်ပါသည်။ ယခုအခါ နိုင်ငံရပ်ခြားမှ ဝယ်ယူတင်သွင်းနေရသည်ဖြစ်ရာ အတုများနှင့် စံမမီများ ရောနှော၍ ပါလာတတ်ပါသည်။

တစ်ခါက ရန်ကုန်မြို့တွင် ဇာတိပ္ဖိုလ်သီးအတုများနှင့် စံမမီသည်များရှိခဲ့ရာ မြန်မာ့မီဒီယာ၏ ဖခင်ကြီးတစ်ဦးဟု အမည်ခေါ်ဆိုရမည့် ဝါရင့်သတင်းစာ သတင်းထောက်ကြီး နှင့် စာပေပညာရှင်ကြီးဖြစ်ခဲ့သော နိုင်ငံတော်ကောင်စီဝင် ဦးလှထွန်းဖြူက ထိုအတုအပများကို ဖော်ထုတ်အရေးယူနိုင်ခဲ့ လေသည်။

ဤကဲ့သို့ လူသားတို့၏ ကျန်းမာရေးကိုလည်း စောင့်ရှောက်နိုင်သော “ရတနာ” ပင်များကို မြန်မာ့မြေ၊ မြန်မာ့လေနှင့် မြန်မာ့ဥတုများတွင် မြန်မာတိုင်းရင်းသားများက မဆိုင်းမငံ့ စတင်စိုက်ပျိုး ထုတ်လုပ်ကြပါစို့ ဟု ထပ်လောင်း ၍ တိုက်တွန်းနှိုးဆော်လိုက်ရပါသည်။

မြန်မာ့အလင်း