ရမည်းသင်း ၁၄ ဇူလိုင်
မန္တလေးတိုင်းဒေသကြီး မြန်မာနိုင်ငံဆရာဝန်အသင်း မန္တလေးနှင့် ရမည်းသင်းခရိုင် ဆရာဝန်အသင်းတို့ ပူးပေါင်း၍ ရမည်းသင်းမြို့ သီလဝခန်းမတွင် ဇူလိုင် ၁၃ ရက် နံနက် ၉ နာရီက လေဖြတ်ရောဂါအန္တရာယ် ကြိုတင်ကာကွယ်ရေး ကျန်းမာရေး အသိပညာပေး ဟောပြောပွဲကို ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ မန္တလေးတိုင်းဒေသကြီး ဆေးတက္ကသိုလ် မန္တလေး ပါမောက္ခချုပ် ဒေါက်တာခင်မောင်လွင် (ဦးနှောက်နှင့် အာရုံကြော ခွဲစိတ်အထူးကုဆရာဝန်ကြီး)က လေဖြတ်ရောဂါ လူနာအား ခွဲစိတ်ကုသမှုအဆင့်ဆင့်ကိုလည်းကောင်း၊ မန္တလေးတိုင်းဒေသကြီး ဦးနှောက်နှင့် အာရုံကြော ဆေးပညာဌာန အထွေထွေရောဂါကု ဆေးရုံကြီး (ဦးနှောက်နှင့် အာရုံကြော သမားတော်ကြီး) ပါမောက္ခ ဒေါက်တာမြင့်ဦးက လေဖြတ်ရောဂါ ဖြစ်ပွားရခြင်းနှင့် လေဖြတ်ရောဂါ ကုသခြင်းတို့ကိုလည်းကောင်း ရှင်းလင်းပြောကြားရာ တက်ရောက်လာသူများက သိရှိလိုသည်များကိုမေးမြန်းရာ ပါမောက္ခချုပ် ဒေါက်တာ ခင်မောင်လွင်နှင့် ပါမောက္ခ ဒေါက်တာ မြင့်ဦးတို့မှ ပြန်လည်ရှင်းလင်း ဖြေကြားခဲ့ကြပြီး လေဖြတ်ရောဂါအန္တရာယ် ကင်းဝေးစေရန် အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
အဆိုပါ အခမ်းအနားသို့ ရမည်းသင်းခရိုင် စီမံခန့်ခွဲမှုကော်မတီ ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးအုန်းသန်းနှင့် ခရိုင်အဆင့် ဌာနဆိုင်ရာများ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇော်မင်းဟန်နှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ အရပ်ဖက် လူမှုရေးအသင်းအဖွဲ့များ၊ ဒေသခံ ပြည်သူများ စုစုပေါင်း(၃၀ဝ)ကျော် တက်ရောက်ခဲ့ကြောင်း သတင်းရရှိသည်။
ဇော်ဝင်းအောင်(ရမည်းသင်း)


