နေပြည်တော်၊ ဇန်နဝါရီ ၅

 

လေပြင်းဘေးကြိုတင်ကာကွယ်ရေး လုပ်ငန်းစီမံချက် စတင်ခြင်းအခမ်းအနားကို ယနေ့ နံနက် ၁၀ နာရီတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ အရေးပေါ်အခြေအနေ စီမံခန့်ခွဲမှု ဗဟိုဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပသည်။

 

အခမ်းအနားသို့ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီး  ဒေါက်တာစိုးဝင်း၊ ဒုတိယဝန်ကြီး ဦးစိုးကြည်၊ အမြဲတမ်းအတွင်းဝန်နှင့် ညွှန်ကြားရေးမှူးချုပ်များ၊ ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ တိုင်းဒေသကြီး/ပြည်နယ် ဦးစီးမှူးများနှင့် အရာထမ်း၊ အမှုထမ်းများ တက်ရောက်ကြသည်။

 

အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးက မြန်မာနိုင်ငံအနေဖြင့် မိုးကြိုကာလများဖြစ်သော မတ်လ၊ ဧပြီလ၊ မေလတို့တွင် နိုင်ငံအနှံ့ လေပြင်းတိုက်ခတ်မှုဖြစ်စဉ်များ  ဖြစ်ပေါ်လေ့ရှိပြီး လေပြင်းတိုက်ခတ်မှုများကြောင့် နေအိမ်များ၊ အဆောက်အအုံများ အမိုးလန်ခြင်း၊ ပြိုကျခြင်းစသည့် ထိခိုက်ပျက်စီးမှုများကို နှစ်စဉ်ကြုံတွေ့ ရလေ့ရှိပါကြောင်း၊ ၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ်မှ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်အထိ (၅)နှစ်တာကာလ အတွင်း လေပြင်းတိုက်ခတ်မှုကြောင့် နေအိမ်ပေါင်း (၁၄၀,၀၀၀)ကျော် ထိခိုက်ပျက်စီးခဲ့ကြောင်း၊ ထိခိုက် ပျက်စီးမှုအများဆုံးနှစ်မှာ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်ဖြစ်ပြီး စစ်ကိုင်းတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသ ကြီးနှင့် ရခိုင်ပြည်နယ်တို့တွင် ပျက်စီးဆုံးရှုံးမှုအများဆုံးဖြစ်ခဲ့ကြောင်း၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနအနေဖြင့် လေပြင်းတိုက်ခတ်မှုကြောင့် ပြည်သူများ၏  နေအိမ်များ ထိခိုက်ပျက်စီး ဆုံးရှုံးမှုများ လျော့နည်းသက်သာစေရန်အတွက် ကြိုတင်အားဖြည့်ပြင်ဆင်ခြင်းလုပ်ငန်းကို ၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ်မှ စတင်ဆောင်ရွက်ခဲ့ရာ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်အထိ (၅)နှစ်တာကာလ အတွင်း ကချင်ပြည်နယ်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်၊ တနင်္သာရီတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီးနှင့် ဧရာဝတီတိုင်းဒေသကြီးတို့တွင် ဆောင်ရွက်ခဲ့ကြောင်း၊ (၂၀၂၁-၂၀၂၂) ဘဏ္ဍာရေးနှစ်တွင် ယခင်ဆောင်ရွက်နေကျ တိုင်းဒေသကြီး/ ပြည်နယ် များအပြင် မွန်ပြည်နယ်နှင့် ရခိုင်ပြည်နယ်တွင်လည်းကောင်း၊  (၂၀၂၂-၂၀၂၃)ဘဏ္ဍာရေးနှစ်တွင် ကရင်ပြည်နယ်နဲ့ ချင်းပြည်နယ်တို့တွင် လည်းကောင်း ထပ်မံတိုးချဲ့ဆောင်ရွက်ခဲ့ကြောင်း။

 

ယခုနှစ်တွင်လည်း တိုင်းဒေသကြီး/ပြည်နယ်(၉)ခုတွင် နေအိမ်ပေါင်း (၁၉၅၄၀)လုံးကို ရန်ပုံငွေကျပ် (၉၄၅ဒသမ၅၈၀)သန်း ကျခံသုံးစွဲကာ အားဖြည့်ပြင်ဆင်သွားမည်ဖြစ်ရာ တိုင်းဒေသကြီး/ပြည်နယ် ဦးစီးမှူးရုံးများအနေဖြင့် အမျိုးသားကော်မတီဥက္ကဋ္ဌ၏ လမ်းညွှန်ချက်နှင့်အညီ မိမိတို့ဒေသအလိုက် သက်ဆိုင်ရာ ဌာနဆိုင်ရာများ၊ လူမှုရေးအဖွဲ့များ၊ ဒေသခံပြည်သူများနှင့် ပူးပေါင်းကာ အလေးထား ဆောင်ရွက်သွားကြရန် မှာကြားလိုကြောင်း၊ ရပ်ရွာအတွင်း သဘာဝဘေးကြောင့် ထိခိုက်ဆုံးရှုံးနိုင်ခြေ လျှော့ချရေး လုပ်ငန်းများတွင် ပြည်သူများကိုယ်တိုင်ပါဝင် ဆောင်ရွက်ခြင်းဖြင့် ဘေးဒဏ်ကြံ့ကြံ့ခံရင်ဆိုင် တုံ့ပြန်နိုင်စွမ်းရှိသော ရပ်ရွာအသိုက်အဝန်းများ ဖြစ်ပေါ်နိုင်ရေး အထောက်အကူပြုနိုင်မှာ ဖြစ်ကြောင်း ပြောကြားသည်။

 

ဆက်လက်၍ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးနှင့် ရှမ်းပြည်နယ်ဦးစီးမှူးတို့က ယခုနှစ်အတွင်း လေပြင်း ဘေးကြိုတင်ကာကွယ်ရေးလုပ်ငန်းဆောင်ရွက်ရန် စီစဉ်ထားရှိမှုအခြေအနေကို ရှင်းလင်းတင်ပြကြပြီး ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ကျောက်တန်းမြို့နယ်၊ မီးပြကျေးရွာအုပ်စု၊ မီးပြကျေးရွာနှင့် ရှမ်းပြည်နယ်၊ ညောင်ရွှေမြို့နယ်၊ နန်းပန်မြို့၊ ရပ်ကွက်(၃)တွင် လေပြင်းဒဏ်ခံနိုင် ရည်အားနည်းပါးသည့် နေအိမ်များမွမ်းမံပြင်ဆင်ခြင်း လက်တွေ့ဆောင်ရွက်နေမှုအခြေအနေကို Online ဖြင့် တင်ပြရာ ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များ မှာကြားသည်။

 

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနအနေဖြင့်  ၂၀၁၆-၂၀၁၇ ဘဏ္ဍာရေး နှစ်မှ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်အတွင်း တိုင်းဒေသကြီး/ပြည်နယ် (၁၂)ခုတွင် နေအိမ်ပေါင်း(၅၅၀၀၀) ကျော်ကို ရန်ပုံငွေကျပ်(၁ဒသမ၇)ဘီလီယံကျော်ကျခံသုံးစွဲ ပြင်ဆင်ဆောင်ရွက်ခဲ့ပြီး ယခု ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်တွင်လည်း ယခင်နှစ်များနည်းတူ တိုင်းဒေသကြီး/ ပြည်နယ်(၉)ခုတွင် နေအိမ်ပေါင်း (၁၉၅၄၀)ကို ရန်ပုံငွေကျပ်(၉၄၅ဒသမ၅၈၀)သန်းဖြင့် အားဖြည့် ပြင်ဆင်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

(သတင်းစဉ်)