ကြို့ပင်ကောက် ၃ ဇွန်
ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် ကြို့ပင်ကောက်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနရုံး အစည်းအဝေးခန်းမတွင် မတ်လအတွင်းက လေပြင်းတိုက်ခတ်မှုကြောင့် အမိုးလန်ပြိုလဲ ပျက်စီးခဲ့သော အိမ်ထောင်စု ၄၄ စုသို့ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနရုံးချုပ်မှ Unicef Hygiene Kit(E) 2020 တစ်ကိုယ်ရေ သန့်ရှင်းရေးသုံးပစ္စည်းများ ထောက်ပံ့ပေးအပ်ခြင်းအခမ်းအနားကို ဇွန်လ ၂ ရက်နေ့က ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်စန္ဒာအေးက သဘာဝဘေးဒဏ်ခံခဲ့ရသော ဒေသခံပြည်သူများ မရှိမဖြစ်လိုအပ်သော ပစ္စည်းများအား အလွယ်တကူရရှိ အသုံးပြုနိုင်စေရန်အတွက် ထောက်ပံ့လှူဒါန်းရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားပြီး အခမ်းအနားတက်ရောက် လာကြသော လွှတ်တော်ကိုယ်စားလှယ်များနှင့် မြို့နယ်အုပ်ချုပ်ရေးမှူးတို့က ပုံးအတွင်းပါရှိသော တစ်ကိုယ်ရည်သုံး သန့်ရှင်းရေးပစ္စည်းများကို ဖွင့်ဖောက်စစ်ဆေးပြီး လေပြင်းဒဏ်ခံခဲ့ရသော ဒေသခံပြည်သူများထံ ထောက်ပံ့ပေးအပ်ခဲ့ကြသည်။
အဆိုပါ Unicef Hygiene Kit(E) 2020 တစ်ကိုယ်ရည်သန့်ရှင်းရေးသုံး ပစ္စည်းပုံးများအတွင်း ဆပ်ပြာ၊ အမျိုးသမီးသုံးပစ္စည်းများနှင့် ရေခွတ် တို့ပါရှိပြီး မြို့နယ်အတွင်းရှိ လေးပြင်းဒဏ်ခံခဲ့ရသော ကျေးရွာအုပ်စု ၁၆ ရှိ ကျေးရွာခွဲပေါင်း ၂၄ ရွာရှိ အိမ်ထောင်စု ၄၄ စုသို့ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
ဇေယျာထွန်း(ကြို့ပင်ကောက်)


