ဟိုင်းကြီးကျွန်း ၁၂ ဩဂုတ်
ဧရာဝတီတိုင်းဒေသကြီး၊ ဟိုင်းကြီးကျွန်းမြို့၊ မဲခရဲကျေးရွာ၌ လျှပ်စစ်မီးကြိုးကို နင်းမိရာက ဓာတ်လိုက်သေဆုံး ခဲ့သည့် မမျိုးသူဇာဝင်း၏ မိသားစုဝင်များနှင့် မရမ်းကွင်းကျေးရွာအုပ်စု၊ ဆားဖိုစုကျေးရွာတွင် လေပြင်းတိုက်ခတ်မှုကြောင့် နေအိမ်ပြိုကျပျက်စီးခဲ့သည့် နေအိမ်ပိုင်ရှင် ဒေါ်မိုးဝါတို့ကို ဩဂုတ် ၁၁ ရက် မွန်းလွဲ ပိုင်းက တိုင်းဒေသကြီး ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနက ထောက်ပံ့ငွေနှင့် ထောက်ပံ့ပစ္စည်းများကို လာရောက်ပေးအပ်ခဲ့ကြောင်း သိရသည်။
မဲခရဲကျေးရွာအုပ်စု၊ မဲခရဲကျေးရွာတွင် ဩဂုတ် ၄ ရက် ညပိုင်းက လေပြင်းတိုက်ခတ်မှုကြောင့် ကျေးရွာအတွင်း သွယ်တန်းထားသည့် လျှပ်စစ်မီးကြိုးပေါ်သို့ သစ်ကိုင်းကျိုးကျကာ ပြတ်ကျနေသည့် ဓာတ်ကြိုးကို နင်းမိပြီး မမျိုးသူဇာဝင်းမှာ ဓာတ်လိုက်သေဆုံးခဲ့ခြင်းဖြစ်ကြောင်း၊ ထို့နောက် မရမ်းကွင်းကျေးရွာအုပ်စု၊ ဆားဖိုစုကျေးရွာ တွင် ဩဂုတ် ၈ ရက် နံနက်ပိုင်းက လေပြင်းတိုက်ခတ်မှုကြောင့် ဒေါ်မိုးဝါ၏ နေအိမ် ပြိုကျခဲ့ခြင်းဖြစ်ကြောင်း၊ ယင်းဖြစ်စဉ်များနှင့်ပတ်သက်၍ တိုင်းဒေသကြီးဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနက ပစ္စည်းနှင့် ထောက်ပံ့ငွေများ လာရောက်ထောက်ပံ့ပေးအပ်ခဲ့ခြင်းဖြစ်ကြောင်း ဟိုင်းကြီးကျွန်းမြို့ အုပ်ချုပ်ရေးမှူးရုံးမှ သိရသည်။
တိုင်းဒေသကြီး ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးသန်းစိုး ဦးဆောင် သောအဖွဲ့က ဓာတ်လိုက်သေဆုံးခဲ့သော မမျိုးသူဇာဝင်းအတွက် ထောက်ပံ့ငွေကျပ် သုံးသိန်းနှင့် ဒဏ်ရာရရှိသူ မိခင် ဒေါ်ဆန်းကြည်အား ထောက်ပံ့ငွေကျပ် ငါးသောင်း ပေးအပ်ခဲ့ပြီး လေပြင်းတိုက်ခတ်မှုကြောင့် နေအိမ်ပြိုကျ မှုဖြစ်ခဲ့သော ဒေါ်မိုးဝါအား ထောက်ပံ့ငွေကျပ် တစ်သိန်းတစ်သောင်းနှစ်ထောင့်ခြောက်ရာနှင့် ကယ်ဆယ်ရေးပစ္စည်း(၁၇)မျိုးကို ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
ကျော်သူဟိန်း(ဟိုင်းကြီးကျွန်း)