မိုင်းဆတ် ၁၃ မေ
ရှမ်းပြည်နယ်(အရှေ့ပိုင်း)မိုင်းဆတ်မြို့နယ်၌ မေလ ၈ ရက်က လေပြင်းတိုက်ခတ်မှုကြောင့် ပျက်စီးခဲ့သည့် ကျေးရွာနှစ်ရွာမှ နေအိမ်(၂၈)လုံးအတွက် ထောက်ပံ့ငွေပေးအပ်ခြင်းကို မေလ ၁၂ ရက် ညနေ (၃)နာရီခွဲ က မယ်ကြုတ်(၁)ကျေးရွာအုပ်ချုပ်ရေးမှူးရုံးတွင် ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးငြိမ်းထွေးက ထောက်ပံ့ငွေပေးအပ်ခြင်းနှင့်ပတ်သက်၍ ရှင်းလင်း ပြောကြားပြီး ခရိုင်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ ဦးစီးအရာရှိ ဦးလှမင်းလွင်က မယ်ကြုတ် (၁)နှင့် မယ်ကြုတ်(၂)ကျေးရွာရှိ လေဘေးသင့်အိမ်ထောင်စု(၂၈)စုအတွက် ထောက်ပံ့ငွေကျပ်(၁၉)သိန်းကျော်ကို ထောက်ပံ့ပေးအပ်ရာ ကျေးရွာ တာဝန်ခံ ဦးကျဟားနှင့် တာဝန်ရှိသူတို့က လက်ခံရယူသည်။
"သဘာဝဘေးကြောင့် ပျက်စီးဆုံးရှုံးမှုအတွက် အစိုးရက လာပြီးထောက်ပံ့ပေးတာ ဝမ်းသာပါတယ်၊ အခုလို ပျက်စီးဆုံးရှုံးမှုတွေကို တင်ပြပေးတဲ့သက်ဆိုင်ရာ ဌာနကလူကြီးတွေကိုလည်း ကျေးဇူးတင်ပါတယ်”ဟု မယ်ကြုတ်(၁)ကျေးရွာမှ လေဘေးသင့်ပြည်သူ ဦးအောင်ပိုင်ဖြိုးကပြောသည်။
အဆိုပါ လေပြင်းတိုက်ခတ်မှုကြောင့် စတုံးကျေးရွာအုပ်စု၊ မယ်ကြုတ်(၁)ကျေးရွာတွင် သွပ်မိုး၊ ထရံ ကာနေ အိမ် (၆)လုံးနှင့် မယ်ကြုတ်(၂)ကျေးရွာတွင် သွပ်မိုး၊ ထရံကာနေအိမ် (၂၀)လုံး၊ သက်ကယ်မိုး၊ ထရံကာနေ အိမ်နှစ်လုံး၊ ကိုယ်ထူကိုယ်ထ မီးရရှိရေးရုံးတစ်ရုံးနှင့် စာသင်ကျောင်း တစ်ကျောင်း၊ စုစုပေါင်း အဆောက်အအုံ(၃၀)လုံး ပျက်စီးဆုံး ရှုံးခဲ့ကြောင်း သိရသည်။
မြင့်မောင်(ပြန်/ဆက်)


