ကျောက်ပန်းတောင်း ၁၂ မေ
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ်တွင် လေပြင်းတိုက်ခတ်မှုကြောင့် ကျေးရွာအချို့မှ အိမ်ခြေအချို့ပျက်စီးမှုများဖြစ်ပေါ်ခဲ့ရာ အဆိုပါပျက်စီးခဲ့သည့် အိမ်ထောင်စုများအား ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အတွက် မေ ၁၂ ရက်နေ့ နံနက် ၉ နာရီက ညောင်ဦးခရိုင်အုပ်ချုပ်ရေးမှူး ဦးကျော်ကျော်အုန်းနှင့် မြို့နယ်တာဝန်ရှိသူများ၊ ခရိုင်သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနတို့မှ တာဝန်ရှိသူများ သွားရောက်စစ်ဆေးခဲ့ကြောင်း သိရသည်။
ကျောက်ပန်းတောင်းမြို့နယ်တွင် မေ ၁၁ ရက်နေ့ ညနေ ၅ နာရီခွဲက မိုးအနည်းငယ်သာရွာပြီး လေပြင်းတိုက်ခတ်မှုကြောင့်၊ ကတောကျေးရွာအုပ်စု ကတောကျေးရွာ၊ မကျီးရိုးကျေးရွာ၊အုတ်ဖိုကျေးရွာ၊ ထနောင်းကုန်းကျေးရွာနှင့် စည်သာကျေးရွာတို့တွင် လူနေအိမ်(၇၁)အိမ်နှင့် ထနောင်းကုန်းကျေးရွာ အလယ်တန်းကျောင်းခွဲမှ စာသင်ဆောင်(၁)ဆောင် တို့ အမိုးလန်ပျက်စီးမှုဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။
အဆိုပါကျေးရွာများရှိ ပျက်စီးဆုံးရှုံးမှုဖြစ်ပေါ်ခဲ့သည့် အိမ်ထောင်စုများအား ပြန်လည်ပြုပြင်ရေးလုပ်ငန်းများ အမြန်ဆုံးဆောင်ရွက်နိုင်ရန်အတွက် ပြုပြင်စရိတ်ထောက်ပံ့ငွေများကို ညောင်ဦးခရိုင် သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူးတစ်ဦးနှင့် ဝန်ထမ်းများတစ်ပါတည်း လိုက်ပါခဲ့ကြပြီး၊ ကျေးရွာအလိုက် ပျက်စီးဆုံးရှုံးမှုတန်ဘိုးများအား တစ်အိမ်ထောင်စုချင်း တွက်ချက်ထောက်ပံ့ပေးသွားမည် ဖြစ်ကြောင်းသိရသည်။ အဆိုပါ ပျက်စီးမှုဖြစ်ပွားခဲ့သည့် ကျေးရွာများတွင် ကျောက်ပန်းတောင်းမြို့ နယ်မြေခံတပ်မှ အရာရှိ တစ်ဦးနှင့်တပ်ဖွဲ့ဝင်(၂၀)ဦး၊ မြို့နယ်မီးသတ်ဦးစီးဌာနမှ ဦးစီးအရာရှိ ဦးဇော်ဌေး ဦးဆောင်သည့် သန္ဓေမီးသတ်တပ်ဖွဲ့ ဝင်(၁၂) ဦး၊ အရန်တပ်ဖွဲ့ဝင်(၅)ဦး စုစုပေါင်း(၃၇)ဦးဖြင့် ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ကွင်းဆင်းစစ်ဆေးမှုလုပ်ငန်းများကို ညောင်ဦးခရိုင်အုပ်ချုပ်ရေးမှူး ဦးကျော်ကျော်အုန်းနှင့် ခရိုင်မီးသတ်ဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးသက်နိုင်၊ ကျောက်ပန်းတောင်းမြို့နယ် အုပ်ချုပ်ရေးမှူး ဦးစိုးမင်းအောင်နှင့်မြို့နယ်လမ်း ဦးစိးဌာနဦးစီးမှူး ဦးထွန်းအောင်ကြင်၊ ညောင်ဦးခရိုင် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ဆန်းမြလွင်နှင့် ဝန်ထမ်းများ လိုက်ပါခဲ့ကြကြောင်း သိရသည်။
နေအောင်(ပြန်/ဆက်)


