ပေါင် ၅  သြဂုတ်  


မွန်ပြည်နယ် ပေါင်မြို့နယ် ရင်းငြိမ်မြောက်ကျေးရွာအုပ်စု၊ သဗြုချောင်ကျေးရွာတွင် သြဂုတ်လ ၄ ရက်နေ့ မွန်းလွဲပိုင်းက လေပြင်းများ တိုက်ခတ်ပြီး မိုးသည်းထန်စွာ ရွာသွန်းသဖြင့် လူနေအိမ် ၁၅လုံး သွပ်အမိုးများလန်ပြီး ပျက်စီးဆုံးရှုံးမှုများ ဖြစ်ပေါ်ခဲ့သည်။

 

1

 


လေပြင်းတိုက်ခတ်မှုကြောင့် လူနေအိမ် ၁၅ လုံးမှ သွပ်အချပ်ပေါင်း ၃၁၅ ချပ် ပျက်စီးဆုံးရှုံးခဲ့ကြောင်း သိရသည်။ လေဘေးသင့်အိမ်ထောင်စုများမှ ကျား(၅၁)၊ မ(၄၅) စုစုပေါင်း(၉၆)ဦးတို့မှာ လက်ရှိ၌ နီးစပ်ရာ ဆွေမျိုးများနေအိမ်တွင် နေထိုင်လျှက်ရှိပြီး လူနှင့်တိရိစ္ဆာန်များ ထိခိုက်မှုမရှိကြောင်း သိရသည်။


အဆိုပါ လေပြင်းတိုက်ခတ်ရာနေရာသို့ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးနှင့်အဖွဲ့များ၊ မြို့နယ်မီးသတ် တပ်ဖွဲ့ဝင်များ၊  မြို့နယ်သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုကော်မတီမှ တာဝန်ရှိသူများ သွားရောက်ကူညီ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။ 


ပေါင်မြို့နယ်တွင် ပြီးခဲ့တဲ့ ဇူလိုင် ၂၄ ရက်နေ့ကလည်း လေဆင်နှာမောင်းတိုက်ခတ်မှုဖြင့် လက်ပံတောကျေးရွာတွင် လူနေအိမ် ၁၁ လုံး အမိုးလန်ပျက်စီးခဲ့ကြောင်း သိရသည်။


ဇင်မျိုးသူ(ပေါင်)