လေရှီး ၁၈ ဇန်နဝါရီ    

 

စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လေရှီးမြို့နယ်အတွင်းရှိ ကျေးရွာများသို့ လေရှီးမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါက်တာမြကုဋေ ဦးစီးပြီး လစဉ်ကွင်းဆင်း ဆေးကုသပေးခြင်းနှင့် ကျန်းမာရေးအသိပညာပေးဟောပြောပွဲများကို လုပ်ဆောင်ပေးလျက်ရှိကြောင်း သိရသည်။

 

''ကျန်းမာရေးစောင့်ရှောက်မှုအနေနဲ့ ဟောပြောပွဲလုပ်တော့ ဝမ်းပျက်ဝမ်းလျောရောဂါကို ကာကွယ်နိုင်ဖို့အတွက်  ကိုယ်စားတဲ့အစားအစာသန့်ရမယ်၊ သောက်သုံးတဲ့ရေသန့်ရမယ်၊ တစ်ကိုယ်ရေသန့်ရှင်းရေးအတွက် အစာမစားမီနဲ့ အစာစားပြီးတိုင်း လက်ကို သန့်ရှင်းအောင် ဆေးကြောရမယ်၊ ရေအိမ်သာတွေကို သန့်ရှင်းအောင် ယင်လုံအိမ်သာတွေ ဆောက်လုပ်ရေးဆိုတဲ့ သန့်လေးသန့်ကို ရှင်းလင်းပြောကြားတယ်၊ ကာကွယ်ဆေးထိုးနှံမှုကို အရေးကြီးပုံတွေ၊ တန်ဖိုးကြီးပုံတွေကို ရှင်းလင်းဟောပြောပေးတယ်'' ဟု လေးရှီး မြို့နယ်ပြည်သူ့ကျန်းမာရေး ဦးစီးမှူး ဒေါက်တာမြကုဋေက ပြောသည်။

 

456

 

အဆိုပါကွင်းဆင်းကုပေးခြင်းကို ဇန်နဝါရီလ လဆန်းပိုင်းတွင် ပန်ဆပ်ကျေးရွာ၊ ကူကီးကျေးရွာ၊ ထိန်ဖားရံ ကျေးရွာများသို့ ကွင်းဆင်းလုပ်ဆောင်စဉ် လူနာ ၂၁၂ ဦးအား ကျန်းမာရေးစစ်ဆေးကာ ဆေးကုသပေးခြင်းကိုယ်ဝန်ဆောင်အမျိုးသမီး ၆၁ ဦးအား အမ်ထရာဆောင်းရိုက်ပေးခြင်းတို့ကို လုပ်ဆောင်ပေးနိုင်ခဲ့ကြောင်း သိရသည်။

 

ဆက်လက်ပြီး ကျန်းမာရေးစောင့်ရှောက်ခြင်းလုပ်ငန်းကို ဇန်နဝါရီလ နောက်ဆုံးပတ်တွင် လေရှီးမြို့နယ်အတွင်းရှိ ဆုံကင်း၊ နမိယူပီ၊ ကုံကိုင်လုံကျေးရွာနှင့် မွန်းကိုင်လင် ကျေးရွာတို့တွင် ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများကို ကွင်းဆင်းလုပ်ကိုင်ပေးရန် စီစဉ်လျက်ရှိကြောင်း သိရသည်။

 

ဝင်းဦး(ဇေယျာတိုင်း)