ရန်ကုန်၊ ဇန်နဝါရီ ၂၂

 

အရှေ့တောင်အာရှတွင် သက်တမ်းအရှည်ဆုံးဖြစ်သည့် တိရစ္ဆာန်ဥယျာဉ် (ရန်ကုန်) ၏ (၁၁၈) နှစ် ပြည့် အထိမ်းအမှတ်ပွဲတော်တွင် လာရောက်သူ ပိုမိုများပြားစေရန်အတွက် လူငယ်များ ကြိုက်နှစ်သစ်သည့် အစီအစဉ်များကို ပိုမိုထည့်သွင်းထားကြောင်း တိရစ္ဆာန်ဥယျာဉ်(ရန်ကုန်)မှ သိရသည်။

 

ဇန်နဝါရီ ၂၅ ရက်တွင် ကျရောက်မည့် တိရစ္ဆာန် ဥယျာဉ်(ရန်ကုန်)၏ (၁၁၈) နှစ်ပြည့် အထိမ်းအမှတ် ပွဲတော်ကို အဆိုပါဥယျာဉ်အတွင်း ဇန်နဝါရီ ၂၅ရက် မှ၂၈ ရက်အထိ လေးရက်တိုင်တိုင် နံနက်ပိုင်း ၈ နာရီ မှ ညနေ ၅ နာရီအထိ ပျော်ရွှင်စရာအစီအစဉ်များဖြင့် စည်ကားသိုက်မြိုက်စွာကျင်းပသွားရန် စီစဉ်ထားခြင်းဖြစ်သည်။

 

ပွဲတော်တွင် တေးဂီတဝိုင်းနှင့် အကဖျော်ဖြေမှုများ၊ မျက်လှည့်အစီအစဉ်၊ တိရစ္ဆာန်လိမ္မာများ၏ အထူးအစီအစဉ်များ၊ ကလေးများအကြိုက် ဂိမ်းအစီအစဉ်များ၊ လက်ဆောင်များရယူနိုင်မည့် အမေးအဖြေ ကဏ္ဍများအပြင် ဈေးရောင်းပွဲတော်များလည်း ပါဝင်မည်ဖြစ်ကြောင်း သိရသည်။

 

အဆိုပါပွဲတော်တွင် ကလေးဘဝ လွမ်းမောစရာ အမှတ်တရများ ပြန်လည်ခံစားရင်းဖြင့် မိသားစု၊ သူငယ်ချင်းအပေါင်းအသင်းများနှင့် ပျော်ရွှင်စရာ အခိုက်အတန့်များ ဖန်တီးနိုင်ရေးလာရောက် လည်ပတ်ကြရန်လည်း ဖိတ်ခေါ်ထားသည်။

 

ယခုနှစ်ပွဲတော်တွင် ယခင်နှစ်ထက် လာရောက်သူ ပိုမိုများပြားမည်ဟု မျှော်မှန်းထားကြောင်းလည်း သိရသည်။

 

သတင်း - MT ၊

ဓာတ်ပုံ- Yangon Zoo