ကဝ ၂၆ ဇန်နဝါရီ

ဦးသန်းထွန်းအောင် ဦးဆောင်သော Lesswalk.org အဖွဲ့အစည်းမှ ကဝမြို့အတွင်း ကျေးရွာ(၉)ရှိ အခြေခံပညာကျောင်းများမှ ကျောင်းသား/ကျောင်းသူများအတွက် စက်ဘီးအစီးရေ ၄၅၀ ကို လှူဒါန်းပေးရန် စီစဉ်လျက်ရှိပြီး လက်ရှိတွင်လည်း လှူဒါန်းပေးလျက်ရှိကြောင်း သိရသည်။

 

0077

 

“ကျွန်တော်တို့အဖွဲ့အစည်းက စက်ဘီးများလှူဒါန်းပေးခြင်းဟာ ကျောင်းသား/ကျောင်းသူများ ကျောင်းတက်ရာမှာ အချိန်ကုန်သက်သာပြီး စာကြိုးစားလာစေရန်၊ စာကျက်ချိန်/ စာလုပ်ချိန်/ စာသင်ချိန် ပိုမိုရရှိစေရန်၊ ပညာတတ် လူတော်လူကောင်းများ ဖြစ်လာစေရန်အတွက် လှူဒါန်းပေးခြင်းဖြစ်ပါတယ်၊ ကျွန်တော်တို့အဖွဲ့အစည်းမှ ၂၀၁၉ ခုနှစ်တွင် တစ်နိုင်ငံလုံးရှိ အခြေခံပညာကျောင်းများမှ ကျောင်းသား/ကျောင်းသူများအတွက် စက်ဘီးအစီးရေ (၁၅၀၀၀ မှ ၂၀၀၀၀)ကြားအထိ လှူဒါန်းပေးခဲ့ပါတယ်၊ ယခု ၂၀၂၀ ပြည့်နှစ်မှာလည်း စက်ဘီးအစီးရေ (၁၀၀၀၀ မှ ၁၅၀၀၀)အထိ လှူဒါန်းပေးရန် စီစဉ်ထားပါတယ်၊ ပဲခူးတိုင်းဒေသကြီးအတွက် အစီးရေ (၁၀၀၀) လှူ ဒါန်းပေးရန် စီစဉ်ထားရာ ယခုစက်ဘီးအစီးရေ (၄၅၀)ကို အခြေခံပညာကျောင်းများရှိ ဆင်းရဲနွမ်းပါပြီး ဝေးလံသောနေရာမှ ကျောင်းတက်နေကြရတဲ့ ကျောင်းသား/ကျောင်းသူများအတွက် လှူဒါန်းပေးခြင်းဖြစ်ပါတယ်”ဟု စက်ဘီးများလှူဒါန်းပေးသူ Lesswalk.org အဖွဲ့အစည်းမှ ဦးသန်းထွန်းအောင်မှ ပြောသည်။

Lesswalk.org အဖွဲ့အစည်းမှ ပဲခူးတိုင်းဒေသကြီး ကဝမြို့နယ်အတွင်းရှိ ရစ်ကန်၊ ဖလေး၊ ဝဲပဒန်၊ ပင်ကလောင်၊ သပြေကန်အသင်း၊ ရှမ်းကန်၊ သပြု၊ အုန်းနှဲ၊ သရက်ကုန်း စသည့်ကျေးရွာ(၉)မှ အခြေခံပညာကျောင်းများရှိ ကျောင်းသား/ကျောင်းသူများအတွက် ကျောင်းတစ်ကျောင်းလျှင် စက်ဘီးအစီးရေ (၅၀)နှုန်းဖြင့် စုစုပေါင်း စက်ဘီးအစီးရေ (၄၅၀)အား သက်ဆိုင်ရာ ကျောင်းအုပ်ဆရာကြီး/ ဆရာမကြီးများထံ ပေးအပ်လှူဒါန်းခြင်းဖြစ်ကြောင်း သတင်းရရှိသည်။

တင်စိုး(ပဲခူး)