လူငယ်စိုက်ဦးစီး
လေထုအတွင်းမှ ကာဗွန်ဒိုင်အောက်ဆိုက်ဓာတ်ငွေ့သည် အစိမ်းရောင်ရှိသော အပင်များအတွက် အစားအစာ ချက်လုပ်ရန် မရှိမဖြစ်လိုအပ်သော ဓာတ်ငွေ့ဖြစ်ပါသည်။ လေထုထဲတွင်ရှိသော ကာဗွန်ဒိုင်အောက်ဆိုက် ပမာဏသည် တစ်နှစ်လျှင် ၂ ဒသမ ၅ parts per million (ppm) နီးပါးတိုးလျက်ရှိပြီး ၂၀၂၄ ခုနှစ် မေလတွင် ၄၂၂ ppm ခန့် ရောက်ရှိနေသည်ဟု အမေရိကန်နိုင်ငံ ဝါရှင်တန်အခြေစိုက် အမျိုးသားပင်လယ်သမုဒ္ဒရာနှင့် လေထုစီမံခန့်ခွဲရေးဌာန (National Oceanic Atmospheric Administration–NOAA) ၏ စူးစမ်း လေ့လာချက်အရ သိရှိရပါသည်။
အစိမ်းရောင်ရှိသော အပင်များသည် နေရောင်ခြည်ဖြင့် အစာချက်လုပ်ခြင်းလုပ်ငန်းစဉ်များအတွက် ကာဗွန်ဒိုင် အောက်ဆိုက်ဓာတ်ငွေ့ကို လေထုထဲမှစုပ်ယူပါသည်။ အပင်များ အစာချက်လုပ်ရာတွင် နေရောင်ခြည်၏ အလင်းစွမ်းအင်နှင့် လေထုထဲမှ ကာဗွန်ဒိုင်အောက်ဆိုက်ဓာတ်ငွေ့တို့ကို အသုံးပြုပြီး မြေဆီလွှာအတွင်းမှ ရေနှင့်သတ္တု ဓာတ်များပေါင်းစပ်၍ အပင်အတွက်လိုအပ်သော အစာအာဟာရဓာတ်များ ထုတ်လုပ်ကာ သက်ရှိ သတ္တဝါများအတွက် လိုအပ်သော အောက်ဆီဂျင်ကို ထုတ်လုပ်ပေးပါသည်။ ဤသို့ ကာဗွန်ဒိုင် အောက်ဆိုက် ပမာဏ မြင့်တက်မှုကြောင့် သီးနှံပင်များ စိုက်ပျိုးထုတ်လုပ်မှုကဏ္ဍတွင် ကောင်းကျိုးနှင့် ဆိုးကျိုးများဒွန်တွဲ၍ ဖြစ်ပေါ်လာပါသည်။ ထိုသို့ဖြစ်ပေါ်လာရာတွင် စားရေရိက္ခာ စိုက်ပျိုးထုတ်လုပ်မှုအတွက် အထောက်အကူ ပြုစေမည့် ကောင်းကျိုးများကို ရှင်းလင်းဆွေးနွေးပါမည်။
အပင်၏ ရှင်သန်ကြီးထွားမှုကိုတိုးမြှင့်စေ
အစာချက်လုပ်ခြင်းဖြစ်စဉ်တွင် ကာဗွန်ဒိုင်အောက်ဆိုက်ပမာဏ မြင့်တက်လာမှုသည် အစာချက်လုပ်ခြင်း ဖြစ်စဉ်ကိုအားပေး၍ အပင်ကလိုအပ်သောစွမ်းအင်နှင့် ကြီးထွားမှုအတွက် ကာဘိုဟိုက်ဒရိတ်ကဲ့သို့အာဟာရ ဓာတ်များကို များစွာထုတ်ပေးသောကြောင့် အပင်၏ရှင်သန်ကြီးထွားမှုကို တိုးမြှင့်စေပြီး သီးနှံအထွက်နှုန်းကို မြင့်မားစေ ပါသည်။ အထူးသဖြင့် ကာဗွန်မော်လီကျူးသုံးခုဖြင့် အခြေခံ၍အစာချက်လုပ်ရသော စပါး၊ ဂျုံနှင့်ပဲပုပ် သီးနှံများကဲ့သို့ C3 သီးနှံပင်များတွင် ကာဗွန်ဒိုင်အောက်ဆိုက်ပမာဏ မြင့်မားလာမှုကြောင့် အထွက်နှုန်း မြင့်မား လာကြောင်းကို အပြည်ပြည်ဆိုင်ရာ သုတေသနဌာနများက လေ့လာတွေ့ရှိထားပါသည်။ သို့ရာတွင် ကာဗွန် မော်လီကျူးလေးခုဖြင့် အခြေခံ၍ အစာချက်လုပ်ရသော ပြောင်း၊ ကြံနှင့် နှံစားပြောင်း စသည့် C4 သီးနှံများတွင် ကာဗွန်ဒိုင်အောက်ဆိုက် မြင့်တက်မှုကြောင့် အထွက်နှုန်းအပေါ် အကျိုးသက်ရောက်မှု အနည်းငယ်သာ ရှိပါသည်။
လေထုထဲတွင် ကာဗွန်ဒိုင်အောက်ဆိုက် မြင့်တက်မှုကြောင့် အပင်များ၏ အစာချက်လုပ်ခြင်း လုပ်ငန်းစဉ် အားကောင်းလာကာ အပင်ကြီးထွားဖွံ့ဖြိုးမှုကို များစွာအထောက်အကူပြုစေသည့်အပြင် အပင်၏ရေသုံးစွဲမှု စွမ်းအား တွင်ကျယ်လာစေခြင်း စသည့်ကောင်းကျိုးများကိုလည်း ရရှိစေနိုင်ပါသည်။ သို့ရာတွင် ဤဖြစ်စဉ်မှ သီးနှံစိုက်ပျိုး ထုတ်လုပ်မှုအတွက် အကျိုးကျေးဇူးများရှိသကဲ့သို့ အပင်မှချက်လုပ်ရသော ပရိုတင်း (အသားဓာတ်)၊ သံဓာတ်နှင့် သွပ်ဓာတ် စသည့်သတ္တုဓာတ်များပါဝင်မှု လျော့ကျသွားစေကာ စားသုံးသူ လူသားများနှင့် တိရစ္ဆာန်တို့အတွက် အသက်ရှင်ကျန်းမာရေးအပေါ်တွင် ဆိုးရွားစွာသက်ရောက်စေခြင်းတို့လည်း ရှိနေပါသည်။ သို့ရာတွင် သီးနှံပင်များ လိုအပ်သောရေနှင့် ဓာတ်မြေဩဇာ သွင်းအားစုများနှင့် စိုက်ပျိုး ထုတ်လုပ်မှု အလေ့အကျင့်ကောင်းများဖြင့် စီမံခန့်ခွဲကာ စိုက်ပျိုးထုတ်လုပ်နိုင်ပါက အထွက်တိုးစေနိုင်သော အခွင့်အလမ်းများလည်း ရှိနေပါသည်။ သို့ရာတွင်ဤဖြစ်စဉ်ကြောင့် အခြားမလိုလားအပ်သော ဆိုးကျိုးများကိုလည်း ဖြစ်ပေါ်စေနိုင်ပါသည်။
ကျန်းမာရေးအထောက်အကူပြု အာဟာရဓာတ်များ လျော့နည်း
ကာဗွန်ဒိုင်အောက်ဆိုက် မြင့်တက်လာမှုသည် သီးနှံပင်များတွင် အထွက်နှုန်းတိုးတက်လာစေနိုင်သော်လည်း ပရိုတင်းဓာတ်၊ သံဓာတ်နှင့် သွပ်ဓာတ်စသည့် လူနှင့် တိရစ္ဆာန်တို့အတွက် ကျန်းမာရေးအထောက်အကူပြု အာဟာရဓာတ်များ လျော့နည်းလာစေကြောင်း အပြည်ပြည်ဆိုင်ရာလေ့လာမှုများက ဖော်ပြကြပါသည်။ ဤဖြစ်စဉ်ကို အကျိုးပြုအာဟာရဓာတ်ပြင်းအား လျော့နည်းခြင်း (Nutri-ent Dilution)ဟု ခေါ်ပါသည်။ ထို့ကြောင့် လူသားတို့၏ နေ့စဉ်စားသုံးမှုတွင် အစားအစာဖူလုံမှုရှိသော်လည်း အာဟာရဓာတ်ဖူလုံမှုမရှိခြင်းသည် မလိုလားအပ်သော အချက်တစ်ချက်ဖြစ်ပါသည်။ ဤဖြစ်စဉ်ကိုလည်း အပြည်ပြည်ဆိုင်ရာသုတေသနဌာနများ (USAID, IFPRI, CGIAR, CCAFS) က ကြိုတင် ခန့်မှန်းစိစစ်ထားပါသည်။
ကာဗွန်ဒိုင်အောက်ဆိုက် မြင့်တက်လာမှုနှင့်အတူ သီးနှံများ၏ကြီးထွားမှုကို အထောက်အကူပြုသော်လည်း အဆိုပါဖြစ်စဉ်ကြောင့် ဓာတ်မြေဩဇာများကို ပိုမိုသုံးစွဲ ထည့်သွင်းကျွေးမွေးရန်လိုအပ်ပါသည်။ လိုအပ်သည့် ဓာတ်မြေဩဇာ အသုံးမပြုပါက လေ့လာတွေ့ရှိချက်အရ အပင်၏တစ်သျှူးများတွင် နိုက်ထရိုဂျင်ဓာတ်ပါဝင်မှု လျော့နည်းလာကာ စားသုံးသူများအတွက် အာဟာရဓာတ်ချို့တဲ့မှုကို ဖြစ်စေနိုင်ပါသည်။ ထို့အပြင် နိုက်ထရိုဂျင် ဓာတ် လိုအပ်ချက်နှင့်အတူ အပင်၏ဇီဝကမ္မလုပ်ငန်းများ လည်ပတ်နိုင်ရေးနှင့် ဖွံ့ဖြိုးမှုဖြစ်စဉ်များအတွက် ဖောစ့်ဖရပ်နှင့် ပိုတက်စီယမ်အာဟာရဓာတ်များလည်း အလုံအလောက်ရရှိရန် လိုအပ်လာပါသည်။
လိုအပ်သည့် ဖော်ပြပါ အပင်အာဟာရဓာတ်များမရရှိပါက ကာဗွန်ဒိုင်အောက်ဆိုက်တိုးမြင့်လာမှုကြောင့် ရရှိသော ကောင်းကျိုးကိုမရရှိနိုင်ပါ။ ယခင်က အနောက်နိုင်ငံများတွင် မှန်လုံအိမ်အတွင်း စိုက်ပျိုးသောသီးနှံများ၊ သစ်သီးခြံများတွင် ကာဗွန်ဒိုင်အောက်ဆိုက်ဓာတ်ငွေ့ကို အာဟာရဓာတ်ငွေ့အနေဖြင့် သုံးစွဲခဲ့ဖူးကြသည့် သာဓကများလည်း ရှိခဲ့သည်။ ထိုသို့ဆောင်ရွက်ခြင်းကို Carbon Fer-tilization ဟုခေါ်သည်။
ပေါင်းမြက်များ၏ ကြီးထွားမှုကိုလည်းအားပေး
ကာဗွန်ဒိုင်အောက်ဆိုက်မြင့်တက်မှုသည် သီးနှံပင်များသာမက ပေါင်းမြက်များ၏ ကြီးထွားမှုကိုလည်း အားပေး ပါသည်။ ပေါင်းမြက်များသည် သီးနှံပင်နှင့်ရေ၊ အာဟာရစုပ်ယူမှုကို ယှဉ်ပြိုင်နိုင်စွမ်းမြင့်လာသည့်အပြင် ပေါင်းပင်၏သက်တမ်းလည်း ပိုမိုရှည်လာနိုင်ပါသည်။ ပေါင်းပင်များ ထူထပ်စွာပေါက်ရောက်မှုကြောင့် အသုံးပြုသည့် ပေါင်းသတ်ဆေးပမာဏနှင့် အကြိမ်အရေအတွက်များလာသည့်အတွက် ပေါင်းသတ်ဆေးများ ပိုမို လိုအပ်လာမည့်အပြင် ပေါင်းပင်များက ပေါင်းသတ်ဆေးဒဏ်ကို ခံနိုင်ရည်ရှိလာပြီး နှိမ်နင်းရန် အခက်အခဲများ ဖြစ်လာနိုင်သည်။ ထို့အပြင် ပေါင်းသတ်ဆေးများ ပိုမိုအသုံးပြုရခြင်းကြောင့် ပတ်ဝန်းကျင် ဂေဟစနစ်ကိုလည်း ထိခိုက်ပျက်စီးစေနိုင်ပါသည်။ သို့ဖြစ်၍ ဘက်စုံပေါင်းနှိမ်နင်းရေးလုပ်ငန်းများကို သုတေသနပြုဖော်ထုတ်ကာ တောင်သူများထံ နည်းပညာပေးလုပ်ငန်းများဆောင်ရွက်ရန် လိုအပ်ပါသည်။
ထို့အပြင် အာဟာရဓာတ်ပါဝင်မှု လျော့နည်းလာခြင်းနှင့်အတူ ကာဗွန်ဒိုင်အောက်ဆိုက် မြင့်တက်ခြင်းသည် အပူချိန်မြင့်မားလာစေခြင်းကြောင့် မိုးရေ ချိန်နှင့် မိုးရွာသွန်းမှုပုံစံပြောင်းလဲလာကာ ရာသီ ဥတုပြောင်းလဲခြင်းကို ဖြစ်ပေါ်လာစေပါသည်။ သို့ဖြစ်၍ ရောဂါနှင့်ပိုးမွှားများ ပိုမိုကျရောက်လာစေခြင်းကြောင့် ပိုးသတ်ဆေး သုံးစွဲရမှုလည်း တိုးမြင့်လာစေပါသည်။ ပိုးသတ်ဆေးတိုးမြင့်သုံးစွဲရခြင်းကြောင့် ဂေဟစနစ်ပျက်စီးရုံသာမက ပြည်ပမှ ပိုးသတ်ဆေးများ မှာယူတင်သွင်းရခြင်းဖြင့် နိုင်ငံခြားငွေပိုမိုသုံးစွဲရသည်။ သို့ဖြစ်၍ ဘက်စုံပိုးမွှား ကာကွယ် နှိမ်နင်းနည်းစနစ်(Integrated Pest Management) ကို သုတေသနပြုကာ နည်းပညာပြန့်ပွား လိုက်နာ ကျင့်သုံးစေရပါမည်။
အပင်များအနေဖြင့် ကြီးထွားဖွံ့ဖြိုးမှုနှင့်အတူ အပင်အာဟာရများကိုလည်း မြေတွင်းမှ ရသလောက် စုပ်ယူနိုင်ရာ ပြန်လည်ဖြည့်တင်းမှုမရှိပါက မြေဆီ ဩဇာဆုတ်ယုတ်မှု(Nutrient Mining)ကို ဖြစ်စေကာ မြေဆီလွှာ၏ ကျန်းမာရေးကိုလည်း ထိခိုက်လာနိုင်မည် ဖြစ်ပါသည်။ ဤသည်ကို ကာကွယ်နိုင်ရန်အတွက် ဘက်စုံအပင် အာဟာရဓာတ်စီမံခန့်ခွဲမှု (Integrated Nutrient Management) ကို သုတေသနပြုကာ နည်းပညာပေး လုပ်ငန်းများ ဆောင်ရွက်ရမည် ဖြစ်ပါသည်။
လေ့လာတွေ့ရှိချက်များအရ လေထုအတွင်း ကာဗွန်ဒိုင်အောက်ဆိုက်ပမာဏသည် စဉ်ဆက်မပြတ် တိုးတက်လျက်ရှိပါသည်။ မိမိတို့နိုင်ငံအပါအဝင် နိုင်ငံတကာတွင် ခေတ်မီဖွံ့ဖြိုးတိုးတက်လာ သည်နှင့်အမျှ စက်မှုလုပ်ငန်းများ ဖွံ့ဖြိုးလာခြင်း၊ လောင်စာလောင်ကျွမ်းမှု ပိုမိုလာခြင်းအပြင် သစ်တောများပြုန်းတီး လာမှုတို့ကြောင့် နှစ်စဉ် လေထုအတွင်းသို့ ကာဗွန်ဒိုင်အောက်ဆိုက် ထုတ်လွှတ်မှု တိုးတက်လာလျက်ရှိပါသည်။
ကာဗွန်ဒိုင်အောက်ဆိုက်ပမာဏသည် ၁၉၆၀ ပြည့်နှစ်တွင် ၃၁၇ ppm၊ ၂၀၁၅ ခုနှစ်တွင် ၄၀၀ ppm ရှိခဲ့ပြီး ၂၀၅၀ ပြည့်နှစ်တွင် ၅၅၀ ppm ခန့်ရှိမည်ဟု ခန့်မှန်းရပါသည်။ (Earth System Science Data 10:405-448. Doi: 10.5194/essd-10-405-2018)။ ထို့အပြင် ဆိုးရွားသည့်ရာသီဥတုဖြစ်စဉ်များဖြစ်သည့် ရေကြီးခြင်း၊ ပူပြင်းခြောက်သွေ့ခြင်း စသည့် ရာသီဥတုပြောင်းလဲမှုဖြစ်စဉ်များလည်း ကြုံတွေ့လာရပါသည်။
ကာကွယ်ရန်နည်းလမ်းများ
(၁) ဘက်စုံအာဟာရစီမံခန့်ခွဲမှု (Integrated Nutrient Management)
သဘာဝပတ်ဝန်းကျင် ထိခိုက်မှုနည်းစေရန်နှင့် အပင်အာဟာရဓာတ်ရရှိမှု အကောင်းဆုံးဖြစ်စေရန် အော်ဂဲနစ် သဘာဝမြေဩဇာ၊ ဇီဝမြေဩဇာနှင့် ဓာတု မြေဩဇာများကို အသုံးပြုခြင်း။
(၂) ဘက်စုံပိုးမွှားကာကွယ်ခြင်း (Integrated Pest Management)
ပတ်ဝန်းကျင်ထိခိုက်မှု လျော့နည်းရန်နှင့် ကုန်ကျစရိတ်သက်သာစေရန် ဘက်စုံပိုးမွှား ကာကွယ်နည်းစနစ်များကို အသုံးပြုခြင်း။
(၃) ရေစီမံခန့်ခွဲမှု (Water Management)
စိုက်ပျိုးရေရှားပါးသောဒေသများတွင် ရေအစက်ချ စိုက်ပျိုးခြင်း၊ မိုးရေစုဆောင်းခြင်း၊ သီးနှံ ရေလိုအပ်ချက် အပေါ်မူတည်၍ ရေပေးဝေမှု အစီ အစဉ်များ ရေးဆွဲဆောင်ရွက်ခြင်း။
(၄) ရာသီဥတုနှင့် လိုက်လျောညီထွေဖြစ်သည့် စိုက်ပျိုးရေးနည်းစနစ် (Climate Smart Agriculture)
ရာသီဥတုဒဏ်ခံနိုင်သည့် မျိုးများအသုံးပြုခြင်း၊ လိုက်လျောညီထွေဖြစ်သည့် စိုက်ပျိုးနည်းစနစ်များ အသုံးပြုခြင်း၊ စိုက်ချိန်ပြောင်းလဲစိုက်ပျိုးခြင်း။
(၅) ပေါင်းသတ်ဆေး အလှည့်ကျသုံးစွဲခြင်းနှင့် ရောစပ်အသုံးပြုခြင်း (Herbicide Rotation and Mixtures)
ပေါင်းပင်များ ပေါင်းသတ်ဆေးဒဏ်ခံနိုင်ရည်ရှိလာမှုကို ကာကွယ်ရန် မတူညီသော ပေါင်းသတ်ဆေးများကို အလှည့်ကျသုံးစွဲခြင်းနှင့် ရောစပ်သုံးစွဲခြင်း။
(၆) တိကျသောစိုက်ပျိုးရေး (Precision Agricul-ture)
သဘာဝပတ်ဝန်းကျင်ထိခိုက်မှု နည်းစေရန်နှင့် သွင်းအားစုအသုံးပြုမှုကို ထိရောက်မှုရှိစေရန် ဒေသအလိုက် ခေတ်မီနည်းပညာများအသုံးပြု၍ သွင်းအားစုများအား လိုအပ်သည့်နေရာတွင် လိုအပ်သည့်အချိန်မှ သုံးစွဲခြင်း။
(၇) သီးနှံမျိုးပွားခြင်းနှင့် မျိုးရိုးဗီဇပြုပြင်အသုံးပြု ခြင်း (Crop Breeding and Genetic Modifi-cation)
ကာဗွန်ဒိုင်အောက်ဆိုက် မြင့်တက်လာသည့် အခြေအနေတွင် အပင်တွင်းအာဟာရဓာတ်မြင့်မားစေရန် အာဟာရဓာတ် စုပ်ယူမှုနှင့် အသုံးချမှု ပိုမိုကောင်းသော သီးနှံမျိုးကွဲများ၊ ပိုးမွှားရောဂါဒဏ်၊ ရာသီဥတုဒဏ် ခံနိုင်ရည်ရှိသောမျိုးများကို မွေးမြူထုတ်လုပ်စိုက်ပျိုးခြင်း။
(၈) မြေဆီလွှာဖွံ့ဖြိုးရေးဆောင်ရွက်မှု (Soil Health Improvement)
မြေဆီလွှာဖွဲ့စည်းမှုကောင်းမွန်ရန်နှင့် အာဟာရဓာတ်တိုးတက်စေရန် သီးလှည့်စိုက်ပျိုးခြင်း၊ သစ်စိမ်းမြေဩဇာ စိုက်ပျိုးခြင်းနှင့် ထွန်ယက်မှု လျှော့ချခြင်း။
သတိပြုကာကွယ်ရန် အရေးကြီး
လူသားတို့အတွက် နေ့စဉ်စားသုံးရန် အစားအစာဖူလုံမှုသည် အရေးကြီးသကဲ့သို့ အာဟာရဓာတ်ချို့တဲ့မှုများ မဖြစ်ပေါ်စေရန် နေ့စဉ်စားသုံးနေသော အစားအစာများတွင် အာဟာရဓာတ် ပြည့်ဝစွာပါဝင်မှုသည်လည်း အလွန်အရေးကြီးပါသည်။ လေထုထဲတွင် ကာဗွန်ဒိုင်အောက်ဆိုက်မြင့်တက လာမှုကြောင့် သီးနှံအထွက်နှုန်း တိုးလာသော်လည်း အပင်အတွင်း အာဟာရဓာတ်များ လျော့နည်းလာခြင်း၊ ရာသီဥတုပြောင်းလဲလာခြင်းနှင့် ရောဂါ ကျရောက်မှုများပြားလာခြင်းတို့ကြောင့် စိုက်ပျိုးထုတ်လုပ်မှုစွမ်းအား၊ စားရေရိက္ခာဖူလုံမှုများနှင့် အာဟာရဓာတ်ဖူလုံမှုတို့အပေါ် စိန်ခေါ်မှုတစ်ရပ် ဖြစ်လာပါသည်။
လေထုထဲတွင် ကာဗွန်ဒိုင်အောက်ဆိုက်ပမာဏ မြင့်မားလာမှုကိုကာကွယ်ရန် ကဏ္ဍစုံက ကြိုးစား အားထုတ်မှုများ ရှိသကဲ့သို့ ကာဗွန်ဒိုင်အောက်ဆိုက် မြင့်မားလာမှု၏ စိုက်ပျိုးရေးကဏ္ဍအပေါ် သက်ရောက်မှုများကို စိုက်ပျိုးရေးနည်းလမ်းများဖြင့် အထူးဂရုစိုက် ကာကွယ်ဆောင်ရွက်ရန် လိုအပ်လာသည်။ ကာဗွန်ဒိုင်အောက်ဆိုက်မြင့်မားလာမှုကြောင့် အပင်၏ တစ်သျှူးများတွင် နိုက်ထရိုဂျင်ပါဝင်မှု လျော့နည်းလာပြီး ပရိုတင်းဓာတ်ချို့တဲ့လာမှုကို ဖြည့်ဆည်းပေးနိုင်ရန် ယူရီးယားကဲ့သို့ နိုက်ထရိုဂျင်ပါဝင်သော မြေဩဇာများကို လုံလောက်စွာ အသုံးချရမည်ဖြစ်ပါသည်။ ပိုးမွှားရောဂါကျရောက်ခြင်း၊ ပေါင်းများထူပြောခြင်းတို့ကို ကာကွယ်ရန် ဓာတုဆေးများ အသုံးပြုမှုများလာခြင်းကြောင့် ဂေဟစနစ်ထိန်းသိမ်းရေးနည်းလမ်း များကိုလည်း စနစ်တကျအသုံးပြုရန် လိုအပ်ပါသည်။
သီးနှံစိုက်ပျိုးထုတ်လုပ်ရန်အတွက် အပင်တွင်း အာဟာရဓာတ်ပါဝင်မှုမြင့်မားစေရန် အာဟာရ ဓာတ်စုပ်ယူမှုနှင့် အသုံးချမှု ပိုမိုကောင်းသော သီးနှံမျိုးကွဲများ ထုတ်လုပ်စိုက်ပျိုးသည်မှစ၍ စိုက်ပျိုး ထုတ်လုပ်စဉ်ကာလအတွင်း ရေရှည်တည်တံ့သော စိုက်ပျိုးရေးနည်းလမ်းကို လက်တွေ့ကျင့်သုံး ဆောင်ရွက်သွားကြရန် လိုအပ်ပါသည်။
ထို့ကြောင့် နိုင်ငံတော်က လယ်ယာကဏ္ဍစိုက်ပျိုး ထုတ်လုပ်မှု တိုးတက်မြင့်မားရေး ဆောင်ရွက်လျက်ရှိရာတွင် ကာဗွန်ဒိုင်အောက်ဆိုက်မြင့်မားလာမှုကြောင့် စိုက်ပျိုးရေးအပေါ်သက်ရောက်မှုများကို တောင်သူ လယ်သမားများ နားလည်သိရှိသဘောပေါက်ပြီး ရေရှည်တည်တံ့သော စိုက်ပျိုးရေးနည်းလမ်းများကို လက်တွေ့ ဆောင်ရွက်နိုင်အောင် ပညာပေးဆောင်ရွက်ကာ ကူညီထောက်ပံ့ပေးသင့်သည်။ ထို့အပြင် စိုက်ပျိုးရေး သုတေသနပညာရှင်များအနေဖြင့် စဉ်ဆက်မပြတ်လေ့လာပြီး ကာဗွန်ဒိုင်အောက်ဆိုက်ပမာဏ မြင့်တက်လာမှုကို လိုက်လျောညီထွေဖြစ်စေသော သီးနှံမျိုးများနှင့် ရေရှည်တည်တံ့သော စိုက်ပျိုးရေး နည်းလမ်းများကို ဖော်ထုတ်နိုင်စေရန် ကြိုးစားဆောင်ရွက်သင့်ပါသည်။ ။
ကိုးကား-
(၁) Le Quere, C, R. Andrew, P. Friedlingstein, S. Sitch, J. Pongratz, A. Manning, et al. 2018. “Global Carbon Budget 2017.” Earth System Science Data 10:405-448. Doi: 10.5194/essd-10-405-2018.
(၂) Smith, R. Matthew, Thornton K. Philip, Myers.S.Samuel. 2018. “The impact of rising Carbon Dioxide levels on crop nutrients and human health.”