ဒေါက်တာမောင်ကျော် (ပါမောက္ခချုပ်-ငြိမ်း)

 

 

လေထုဟုဆိုလျှင် … ကျွန်ုပ်တို့နှာခေါင်းဝရှေ့မှသည် ကောင်းကင်ယံထိရှိသော အငွေ့များ။ ထိုဓာတ်ငွေ့များတွင် အောက်ဆီဂျင် ၂၁ ရာခိုင်နှုန်း၊ နိုက်ထရိုဂျင် ၇၈ ရာခိုင်နှုန်းနှင့် အခြားဓာတ်ငွေ့ ၁ ရာခိုင်နှုန်းပါဝင်ကြသည်။ ဓာတ်ငွေ့များကို ကျွန်ုပ်တို့မမြင်နိုင်သော်လည်း လေတိုက်သည့်အခါ သစ်ရွက်သစ်ကိုင်းများ လှုပ်သည်ကိုမြင်ရ၏။ ယပ်ခတ်သည့်အခါ၊ ပန်ကာဖွင့်သည့်အခါ လေနှင့် ထိတွေ့သည်ကိုသိ၏။ ရနံ့သင်းသည့် အမွှေးအကြိုင်တို့ နှာခေါင်းဝရောက်ကာ အနံ့ရသည်မှာ လေထုက သယ်ဆောင်ပို့ဆောင်ပေးသည်ဟု သိပ္ပံ ပညာက ရှင်းပြ၏။ လေသည် ဓာတ်ငွေ့ငါးမျိုးပါဝင်သော အရောအနှောဖြစ်သည်။ အောက်ဆီဂျင်၊ နိုက်ထရိုဂျင်၊ အာဂွန်၊ ကာဗွန်ဒိုင်အောက်ဆိုက်နှင့် ရေခိုးရေငွေ့တို့ပါဝင်သည်။ ပထမလေးမျိုးတို့သည် ဓာတ်ငွေ့များအဖြစ် လေထုတွင်ရှိကြသည်။

 

ကောင်းကင်ယံ၌ရှိသော မိုးတိမ်တို့သည် ရေခိုး ရေငွေ့ဖြင့် ဖွဲ့စည်းထား၏။ မိုးတိမ်များကြောင့် မြေပြင်တွင် အရိပ်ရ၏။ ရေခိုးရေငွေ့တို့သည် မိုးတိမ် များတွင် ရေစက်များ (waterdrops, raindrops) အဖြစ် တည်ရှိကာ မိုးရွာသည်ဆိုသည်မှာ ထိုရေစက်များ ကျလာခြင်းနှင့် အခြားသောရေငွေ့များသည် ရေ၊ မိုးရေအဖြစ် မိုးရွာချခြင်းဖြစ်သည်။

 

ထိုမိုးတိမ်တိုက်ဝန်းကျင်ရှိ အငွေ့များသည် လေထုဖြစ်၏။ ထိုလေထုကို မမြင်ရသော်လည်း မိုးတိမ်တို့ ရွေ့လျားနေခြင်းမှာ လေထုကြောင့်ဖြစ်၏။ ထိုလေထုသည် အဖိုးမဖြတ်နိုင်သော သယံဇာတလည်းဖြစ်၊ လူနှင့် သတ္တဝါအပေါင်းအသက်ရှူရန်နှင့် ဆက်လက်ရှင်သန်ရန်လည်းဖြစ်သည့်အတွက် လေ၏ဓာတ်သဘောကို ကျောင်းသင်ခန်းစာအဆင့် ထက်မက ကျွန်ုပ်တို့သိရှိရန် လိုအပ်သည်။

 

နေ့စဉ်ရှူရှိုက်သည့်လေ

ကျွန်ုပ်တို့သည် မွေးကတည်းက အသက်ရှင်လျက်ရှိသည့်ကာလအတွင်း လေကို နေ့စဉ်အကြိမ်ပေါင်းများစွာ ရှူရှိုက်လျက်ရှိ၏။ သဘာဝတရားကြီးသည် လွန်စွာဆန်းကြယ်ပါ၏။ ရှူရှိုက်ဖို့လေကို “ရောင်းသူ” ရှိသလားဆိုရင်မရှိ။ ငွေဖြင့် ပေးရသလားဆိုရင် မပေးရ၊ အလိုအလျောက် တစ်နေ့လျှင် ကြိမ်ဖန်များစွာ အသက်ရှူလျက်ရှိကြ၏။ သိပ္ပံပညာက သေချာပေါက်ပြောနိုင်သည်မှာ ငါးမိနစ် မှ ၁၀ မိနစ်ထက်ကျော်လွန်၍ လေကောင်းလေသန့်မရလျှင် အသက်ရှင်ဖို့မဖြစ်နိုင်။ ထမင်းအသက် ခုနစ်ရက်၊ ရေအသက် တစ်မနက်၊ လေအသက် ၁၀ မိနစ်ဆိုသည်ကို ထောက်ရှုလျှင် လူသားတို့အတွက်လေသည် အရေးကြီးပုံ၊ လေကောင်း လေသန့် ဖြစ်ထွန်းရရှိရေးသည် မည်မျှအရေးကြီးကြောင်း သိနိုင်ပေသည်။ ငွေဖြင့် ပေးမဝယ်ရသော “အလကား” ရသော လေနှင့် မိုးရေတို့သည် လွန်စွာမှတန်ဖိုးရှိကြောင်း လူတိုင်းသိကြရမည်။

 

နှစ်ပေါင်းသန်းချီ၍ ကြာလာသည့်အခါ ပထဝီ၊ မြေထု၊ လေထု၊ ရေထုတို့သည် ကမ္ဘာကြီး ပူနွေးမှုနှင့်အတူ ပြောင်းလဲခဲ့သည်။ အချိန်ကြာလာသည့်အခါ ပင်လယ်၊ သမုဒ္ဒရာအဖြစ်ရေများဖြင့် ပြည့်လာခဲ့သည်။ ယနေ့အချိန်အခါတွင် ကမ္ဘာကြီးသည် မြေထု ၃၀ ရာခိုင်နှုန်း၊ ရေထု ၇၀ ရာခိုင်နှုန်းဖြင့် တည်ရှိနေသည်။ ကောင်းကင်ယံမှကြည့်သော် ကျွန်ုပ်တို့၏ ကမ္ဘာသည် အပြာရောင် ကျောက်ခဲတုန်းငယ် (blue marble) အဖြစ် မြင်နိုင်ကြောင်း ၁၉၇၁ ခုနှစ် ဇူလိုင်လအတွင်း အာကာသယာဉ်မှူး ဂျိမ်းစ်အာဝင် (James Irwin) က ဓာတ်ပုံရိုက်၍ ပြသခဲ့သည်။ ကမ္ဘာကြီးသည် အပြာရောင် ကျောက်စရစ်ခဲတုံးအဖြစ် ပကတိမျက်စိဖြင့် မြင်ရ သူတို့မှာ ထိုစဉ်က အာကာသတွင်းဂြိုဟ်တုများဖြင့် ရောက်ခဲ့သည့် ယာဉ်မှူးများဖြစ်သည်။

 

 

ကမ္ဘာ့လေထုအတွင်းမှ ဓာတ်ငွေ့များကို မြေပြင်တွင်လည်းကောင်း၊ ကောင်းကင်ယံမှလည်းကောင်း မြင်နိုင်မည်မဟုတ်။ မမြင်ရသော်လည်း ၁၉၉၇ ခုနှစ်က လွှတ်တင်ခဲ့သည့် ဂြိုဟ်တုမှ ရိုက်ယူခဲ့သော ဓာတ်ပုံများအရ ကြီးမားသောရေကန်ကြီးများ (The Great Lakes)၊ တောင်တန်းကြီးများနှင့် ဘူမိသွင်ပြင်ကြွယ်ဝလှပုံကို ယနေ့ ကျွန်ုပ်တို့သိနားလည်ရသည်။ (The Great Lakes, imaged by Sea-Viewing wide Field-of-View Sensor, aboard a Satellite launched in 1997.)

 

အောက်ဆီဂျင်ဓာတ်ငွေ့မရှိသော ကမ္ဘာ

ဘူမိဗေဒနှင့် ဓာတုဗေဒပညာရှင်တို့သည် ယူရေနီနိုက် (Uraninite) နှင့် ပိုက်ရိုက် (Pyrite) အစရှိသည့် သတ္တုရိုင်းများကို ခွဲခြမ်းစိတ်ဖြာ ဓာတ်ခွဲကြည့်သည့်အခါ လွန်ခဲ့သောနှစ်ပေါင်း ၃ ဒသမ ၂ နှင့် ၁ ဒသမ ၈ ဘီလီယံအတွင်း ကောင်းကင်လေထဲမှာ အောက်ဆီဂျင်ဓာတ်ငွေ့မရှိသလောက် သို့မဟုတ် လွတ်နေသည့် အောက်ဆီဂျင် (Free oxygen) မရှိ၊ အပူချိန်မြင့်မားလွန်းသော ဝန်းကျင်၌ အောက်ဆီဂျင်က (ဟိုက်ဒရိုဂျင်အပါအဝင်) များစွာသော ဒြပ်ပစ္စည်းများနှင့် ပေါင်းစပ်နေ၍ပင်ဖြစ်သည်ဟု သိပ္ပံပညာရှင် အပေါင်းက ကောက်ချက်ချနိုင်ခဲ့ပါသည်။ ဟိုက်ဒရိုဂျင်လည်း မရှိသလောက်ပါ။ မည်သည့်အတွက်ကြောင့်ဟု ဆိုလျှင် ဟိုက်ဒရိုဂျင် နှင့် အောက်ဆီဂျင်ပေါင်းလျှင် ရေ၊ ကာဗွန်နှင့် ပေါင်းလျှင် ကာဗွန်မိုနောက်ဆိုက်၊ ကာဗွန်ဒိုင် အောက်ဆိုက်၊ သတ္တုဒြပ်စင်များနှင့်ပေါင်းလျှင် သတ္တုအောက်ဆိုက်များဖြစ်သွားကြသဖြင့် လေထုတွင် အောက်ဆီဂျင်က အငွေ့အဖြစ် မနေနိုင်ဘဲ သုည ဒသမ တစ်ရာခိုင်နှုန်းထက် ပိုနိုင်ဖွယ်မရှိဟု ယုံကြည်ရသည်။ ယနေ့လေထုတွင်ရှိနေသည့် အောက်ဆီဂျင်ပမာဏမှာ ၂၁ ရာခိုင်နှုန်းရှိသည်။

 

ကမ္ဘာ့လေထုတွင် အောက်ဆီဂျင်မရှိ၊ နိုက်ထရိုဂျင်၊ အမိုးနီးယား၊ ကာဗွန်မိုနောက်ဆိုက် (carbon monoxide) နှင့် မီသိန်း(Methane) ဓာတ်ငွေ့များဖြစ်သည်။ မီးတောင်ကထွက်သော ကာဗွန်ဒိုင်အောက်ဆိုက်ဓာတ်ငွေ့များ၊ ကာဗွန်ဒိုင် အောက်ဆိုက်ဓာတ်ငွေ့သည် ရေခိုးရေငွေ့တွင် ပျော်ဝင်သဖြင့် ကာဗွန်နစ်အက်စစ်အဖြစ် ပြောင်းလဲမည်ဆိုသည်ကို သိပ္ပံပညာရှင်များက လက်ခံကြသည်။ ထိုအက်စစ်များသည် ရေတွင် ရှိနေသော ကယ်လ်ဆီယမ်၊ မဂ္ဂနီဆီယမ်၊ အိုင်းယွန်းများနှင့် ပေါင်းစည်းကာ ထုံးကျောက်၊ ဒိုလိုမိုက် (dolomite) (မဂ္ဂနီဆီယမ်) တို့ ဖြစ်ခဲ့ကြသည်။ ထို့ကြောင့် ကမ္ဘာဦးလေထုတွင် အောက်ဆီဂျင်မရှိ၊ နိုက်ထရိုဂျင်၊ အမိုးနီးယား၊ ကာဗွန်မိုနောက်ဆိုက်နှင့် မီသိန်းဓာတ်ငွေ့တို့သာရှိခဲ့သည်ဟု ပြောနိုင်ခြင်းဖြစ်သည်။ အလွန်တည်မြဲသော ကာဗွန်ဒိုင် အောက်ဆိုက်နှင့် ရေငွေ့တို့သည် လေထုတွင်း၌ တည်ရှိနေတော့သည်။

 

လေထုတွင်းသို့ အောက်ဆီဂျင် မည်သို့ရောက်လာ သနည်း

လွန်ခဲ့သောနှစ်ပေါင်း သန်းသုံးထောင် (သုည ဒသမ ၅ - ၃ ဒသမ ၅ ဘီလီယံ) အချိန်က ဆိုင်နိုဗက်တီးရီးယား အပင်ငယ်လေးများသည် ကမ္ဘာ့ပင်လယ်ရေတွင် အလွန်အမင်း ပေါက်ရောက်ခဲ့ကြသည်။ ပေါက်ရောက်ခဲ့ကြောင်း သိပ္ပံအထောက်အထားများလည်းရှိသည်။ ထိုဆိုင်နိုဗက်တီးရီးယားများ (cyanobacteria) သည် မျက်မှောက်ခေတ် ရုက္ခလောကအပင်များကဲ့သို့ အလင်းဖြင့် ဓာတ်ပစ္စည်း ပြုလုပ်မှု (Photosynthesis) အပြည့်အဝမလုပ် ဆောင်နိုင်သော်လည်း လွန်စွာအခြေခံကျသည့် ဂလူးကို့စ် (Glucose) နှင့် အောက်ဆီဂျင်ဓာတ်ငွေ့ကို ထုတ်ပေးခဲ့ကြသည်။ ထို့ကြောင့်လေထုတွင်း အောက်ဆီဂျင် ရောက်လာခြင်းဖြစ်သည်။

 

6CO2(g) + 6H2O (aq)+Energy C6H12O6(s)+ 6O2(g)

အထက်ဖော်ပြပါ ဓာတ်ပြောင်းလဲခြင်းကိုကြည့်လျှင် ကာဗွန်ဒိုင်အောက်ဆိုက်နှင့် ရေခိုးရေငွေ့ ရေတို့သည် ထူးခြားမော်လီကျူး တည်ဆောက်ပုံရှိ ကြပါသည်။ အလွန်တည်မြဲသော ဓာတ်ပစ္စည်းများ ဖြစ်သည်။ ရေထုတွင် ကာဗွန်ဒိုင်အောက်ဆိုက် (CO2) မြောက်မြားစွာရှိနေခြင်းကြောင့် ရွှံ့နွံထဲရှိ သတ္တုအောက်ဆိုက်များသည် ဓာတ်ကူပစ္စည်းအဖြစ် ပြုမူသောကြောင့် ဓာတ်ပြောင်းလဲမှုကြီး စတင်ဖြစ်ခဲ့သည်ဟု သိပ္ပံပညာရှင်တို့က ဖော်ထုတ်ပြသခဲ့ပါ သည်။ ထို့ကြောင့် ကမ္ဘာ့ရေထုနှင့် လေထု၏ ကာဗွန်ဒိုင်အောက်ဆိုက်ပမာဏသည်လည်း ထိုးကျခဲ့သည်။ ကမ္ဘာ့အပူချိန်သည်လည်း ထိုးကျခဲ့သည်။ ယခုဖြစ်စဉ်သည် နှစ်ပေါင်းသန်းချီ၍ကြာခဲ့သည်။ လေထုတွင်း အောက်ဆီဂျင်ပမာဏသည်လည်း တဖြည်းဖြည်းမြင့်တက်လာရာ ယနေ့လေထုတွင် အောက်ဆီဂျင်ပါဝင်မှုသည် ထုထည်အားဖြင့် ၂၁ ရာခိုင်နှုန်း၌ ရပ်တန့်လျက်ရှိသည်။

 

ဖိုတွန် UV သည် လှိုင်းအလျားတို စွမ်းအင်များပါသည်။ အမှုန်ကဲ့သို့ ပြုမူနိုင်သည်။ ဖန်လုံအိမ် အာနိသင်ဓာတ်ငွေ့မော်လီကျူးများကို ဖွဲ့စည်းထားသည့် ကိုဗေးလင့်ဓာတ်စည်းရှိ အီလက်ထရွန်များ ကိုရွှေ့ပြောင်း။ ကိုဗေးလင့်စည်းကိုလည်းဖြတ်တောက် နိုင်သောစွမ်းအင်ရှိသည်။ လေထုတွင်းအောက်ဆီဂျင် ရောက်လာရခြင်းသည် ရွှံ့ (clay) ထဲမှ သတ္တုအောက်ဆိုက် ဓာတ်ကူပစ္စည်းများကြောင့်၊ တစ်ဆင့်မြင့် လာသည့်အခါ ဆိုင်နိုဗက်တီးရီးယားများကြောင့်ဖြစ်ခဲ့ရာ ယခုအခါ အဆင့်အမြင့်ဆုံး ဖြစ်စဉ်သည် သစ်တောသစ်ပင်များကြောင့်ဖြစ်သည်ကို သိပ္ပံပညာ ဆည်းပူးသူတို့ ရှင်းလင်းစွာ နားလည်ကြပြီ။

 

လေထုတွင် အောက်ဆီဂျင် ၂၁ ရာခိုင်နှုန်းအထိ မရောက်မီကတည်းက ပရိုင်းမိတ်တို့သည် လွန်ခဲ့သောနှစ်ပေါင်း သန်း ၃၀/ ၄၀ အတွင်းက ပေါ်ပေါက် လာကြသည်ကို ဘူမိ၊ ဓာတု၊ ဇီဝနှင့် မနုဿပညာရှင်များက အထောက်အထားများဖြင့် ရှင်းလင်းပြခဲ့သည်။ အောက်ဆီဂျင်အစ သစ်ပင်ကဟူ၍လည်းကောင်း၊ အောက်ဆီဂျင်အစ ကာဗွန်ဒိုင်အောက်ဆိုက်နှင့် ရေကဟူ၍လည်းကောင်း ဓာတုဗေဒသဘောအရ ရှင်းပြနိုင်သော်လည်း ရေ၊ မြေ၊ လေ၊ မီး သာမက ဓာတ်ကူပစ္စည်းများ၏ ပါဝင်မှုက အရေးကြီးလှပေသည်။ ဤသို့ပေါင်းစည်းပါဝင်မှုများသည် အကြောင်းတရားတစ်ခု ဤသို့ဖြစ်ပေါ်လာရန် အချိန်ကာလ နှစ်ပေါင်းသန်းချီကြာကာလအတွင်း အကျိုးတရား တစ်ကြိမ်သာဖြစ်ရုံဖြင့် အောက်ဆီဂျင်ဖြစ်ပေါ်သည့် ဖြစ်စဉ်ကြီးမှာ မရပ်မနားဖြစ်နေတော့သည်။ ရေသံသရာ၊ ကာဗွန် သံသရာ၊ နိုက်ထရိုဂျင်သံသရာ၊ အောက်ဆီဂျင် သံသရာတို့ ဖြစ်ပေါ်လေတော့သည်ဟု သိပ္ပံပညာအရ နားလည်သည်။

 

ကမ္ဘာဦးအစ၌ နိုက်ထရိုဂျင်၊ အမိုးနီးယား၊ ကာဗွန်မိုနောက်ဆိုက်နှင့် မီသိန်းဓာတ်ငွေ့များ မည်သို့ ပေါပေါက်သည်၊ အဘယ့်ကြောင့် တည်တည်မြဲမြဲ ရှိနေနိုင်သည်ဆိုသည့် ကျယ်ပြန့်နက်နဲသော ကဏ္ဍအတွက် သိပ္ပံပညာဆည်းပူးမှ နားလည်နိုင်ပါမည်။ သို့သော် သဘာဝအခြေအနေတွင် အောက်ဆီဂျင်ထုထည် ၂၁ ရာခိုင်နှုန်းထက် ကျော်လွန်ခဲ့သည်ရှိသော် ဥပမာ ၂၅ ရာခိုင်နှုန်းရှိပါလျှင် လူနှင့် သတ္တဝါတို့သည်လည်းကောင်း၊ သစ်တောသစ်ပင်မြက်ခင်းပြင်တို့သည်လည်းကောင်း မည်သို့ ဖြစ်သွားပါမည်နည်း။

 

သင်ရှူလိုက်သောလေ

ကျွန်ုပ်တို့သည် လေကိုရှူလိုက်၊ ထုတ်လိုက် ပုံမှန်မရပ်မနားလုပ်နေကြရ၏။ သွားရင်းလာရင်း စားရင်းသောက်ရင်း အိပ်နေသည့်အခါများတွင်လည်း ရှူသွင်း၊ ရှူထုတ် လုပ်နေကြရ၏။ ဤသို့ ပြုလုပ်ခြင်းဖြင့် သွားလာလှုပ်ရှား စဉ်းစားတွေးခေါ်နိုင်၏။ နှာခေါင်းဝမှတစ်ဆင့် အဆုတ်၊ ထိုမှတစ်ဆင့် ကိုယ်ခန္ဓာ အစိတ်အပိုင်းများဆီသို့ သွေးက သယ်ယူပို့ဆောင်၊ ပြန်ထွက်လာသောလေသည် အောက်ပါဇယားတွင် ပြထားသည့်အတိုင်း အပြောင်းအလဲ ဖြစ်သွားသည်ကို တွေ့ရမည်။

 

ကျွန်ုပ်တို့ လူသားနှင့် သတ္တဝါအပေါင်းသည် အောက်ဆီဂျင်ဖြင့် ရှင်သန်ကြီးထွားရသည်သာ ဖြစ်၏။ လေထဲမှ အောက်ဆီဂျင်မရှူရှိုက်ရလျှင် အသက် (Life) ဆိုသည် မည်သည့်ဂြိုဟ်ပေါ်၌ ဖြစ်နိုင်ဖွယ်ရာအကြောင်းမရှိ။ လောင်ကျွမ်းခြင်း မဖြစ်နိုင်။ ဓာတ်ပြောင်းလဲခြင်းမဖြစ်နိုင်။ စွမ်းအင်မရနိုင်။ အောက်ဆီဂျင်သည် အလွန်ဓာတ်ပြုလိုသော (High reactivity) ဓာတ်ငွေ့ဖြစ်သည်။ ရှူရှိုက်လိုက်သောလေမှ အောက်ဆီဂျင်သည် ကိုယ်ခန္ဓာ ဆဲလ်များအတွင်း ဓာတ်ပြုခြင်းများတွင် ပါဝင်သည့်အတွက် ရှူထုတ်လိုက်သည့်လေတွင် အောက်ဆီ ဂျင်ပမာဏသည် ၁၆ ဒသမ သုည ရာခိုင်နှုန်းသာဖြစ်သည်ကို တွေ့ရ၏။ အလွန်ဓာတ်ပြုလွယ်သော ဂုဏ်သတ္တိကြောင့် အောက်ဆီဂျင်သည် ဟိုက်ဒရိုဂျင် နှင့်ပေါင်းစည်းကာ ရေအဖြစ်လည်းကောင်း၊ ကျောက်တုံးကျောက်ခဲများတွင် အောက်ဆိုက် အဖြစ်လည်းကောင်း ကမ္ဘာမြေလွှာတွင် အောက်ဆီ ဂျင်ဓာတ်ထုပမာဏ အများဆုံး ပါဝင်နေသည်။ လူ့ခန္ဓာကိုယ်ဒြပ်ထု (mass) အားဖြင့် အများဆုံး ပါဝင်သည်။

 

နိုက်ထရိုဂျင်မှာမူ လေထုတွင်ထုထည်အားဖြင့် လေးပုံသုံးပုံမက (၇၈ ရာခိုင်နှုန်း) ပါဝင်သည်။ သို့ရာ တွင် အောက်ဆီဂျင်ကဲ့သို့ ဓာတ်ပြုမလွယ်၊ သုံး ရာခိုင်နှုန်း (၇၈.၀ − ၇၅.၀) လျော့ကျသွားခြင်းသည် ရေနှင့်သွေးတွင် နိုက်ထရိုဂျင်၏ ပျော်ဝင်နိုင်မှု ကြောင့်ဖြစ်သည်။

 

ဖော်ပြပါဇယားတွင် Respiration ရှူထုတ်လေ၏ ကာဗွန်ဒိုင်အောက်ဆိုက်နှင့် ရေပမာဏသည် လေးရာခိုင်နှုန်းအထိ အသီးသီးမြင့်တက်နေကြောင်းတွေ့ရှိရာ အောက်ဆီဂျင်ကြောင့် ဖြစ်ရသည်ကို နားလည်နိုင်ပေသည်။ လေတွင်ပါဝင်သည့် အောက်ဆီဂျင်၏ ဓာတ်ပြုလွယ်သည့် သတ္တိကြောင့် ကာဗွန်ဒိုင်အောက်ဆိုက်နှင့် ရေတို့သည် ရှူထုတ်လေတွင်ပို၍ပါဝင်လာခြင်းဖြစ်၏။ လေထုတွင်း ကာဗွန်ဓာတ်ငွေ့ ပမာဏသည် ၃၇၅ ပီပီအမ်ဆိုပါစို့။ လူတစ်ယောက်သည် အသက်တစ်ခါရှူရှိုက်လျှင် ကာဗွန်ဓာတ်ငွေ့ ၃၇၅ ပီပီအမ်ဝင်ပြီး ရှူထုတ်လိုက်သည့်အခါ လူ့ကိုယ်ခန္ဓာတွင်း ဆဲလ်ပေါင်းများစွာ၏ အလုပ်မျိုးစုံကြောင့် ကာဗွန်ဓာတ်ငွေ့ပမာဏ လေးသောင်းပီပီအမ် ထွက်လာသည်။

 

နှင်းဆီပန်းမှ မွှေးရနံ့ကိုရ၏။ ရေချိုးခန်း၊ အလှပြင်ခန်းမှ ရေမွှေးနံ့ကိုရ၏။ (ဒူးရင်းသီးအနံ့ကို လူတိုင်းမနှစ်မြို့၊ လေယာဉ်ပေါ်နှင့် ဟိုတယ်ခန်းများတွင် သယ်ယူခွင့်မပြု။) ထိုအနံ့ရှိသော ဒြပ်ပစ္စည်း ဒြပ်ပေါင်းတို့သည် လေထုတွင်ရောပါလာကြ၏။

 

ကာဗွန်မိုနောက်ဆိုက်ဓာတ်ငွေ့အန္တရာယ်

ကျွန်ုပ်တို့ ရှူလိုက်သောလေသည် အနံ့အသက် မရှိ၊ အရောင်အဆင်းမရှိ၊ ထင်းမီးသွေးလောင်ကျွမ်း သည့်အခါ မီးခိုးနံ့ကိုရ၏။ ထိုအနံ့တွင် အနံ့မရှိသော ဓာတ်ငွေ့မှာ ကာဗွန်မိုနောက်ဆိုက်ဖြစ်၏။ ထိုကာဗွန်မိုနောက်ဆိုက်ကို အိမ်ရှင်မတိုင်း ချက်ရင်းပြုတ်ရင်း ရှူရှိုက်မိသည့်အခါ သွေးလမ်းကြောင်း တစ်လျှောက် ဒုက္ခပေးတော့သည်။

 

လေထုတွင် ပါဝင်တတ်သော ဤဓာတ်ငွေ့သည် အနံ့အသက်မရှိသဖြင့် ရှူရှိုက်မိလျှင် အသက်အန္တရာယ် ပြုသည့်အတွက် (Silent Killer) တိတ်တဆိတ်လူသတ်သမားဟု အမည်ရသည်။ အဆုတ်ထဲသို့ လေနှင့်အတူ ထိုဓာတ်ငွေ့ရောက်လာလျှင် သွေးလည်ပတ်မှုကို အနှောင့်အယှက်ပြုလေတော့သည်။ မော်တော်အင်ဂျင်စက်၏ ထွက်ပေါက် (exhaust) သို့မဟုတ်၊ အရှိန်ပြင်းပြင်းလောင်ကျွမ်းနေသော မီးဖိုကြီးများအနီးတွင် ကာဗွန် မိုနောက်ဆိုက်ဓာတ်ငွေ့များရှိတတ်ရာ မသိလိုက် မသိပါလေကိုရှူရှိုက်မိလျှင် မူးဝေခြင်း၊ ခေါင်းကိုက်ခြင်းနှင့် အော့အန်ခြင်းသည် ကာဗွန်မိုနောက်ဆိုက်၏ အဆိပ်လက္ခဏာဖြစ်၏။

 

နှလုံးရောဂါဝေဒနာရှင်သည် ကာဗွန်မိုနောက် ဆိုက်ပါဝင်သောလေကို ရှူရှိုက်မိပါက အလွန်ပင် အန္တရာယ်ကြီးလှ၏။ ထို့ကြောင့် မိမိပတ်ဝန်းကျင်ရှိလေသည် ညစ်ညမ်းမှုမဖြစ်ရန်၊ လေဝင်လေထွက် ကောင်းရန် ပြတင်းပေါက်တို့ ဖွင့်ထားရန်လို၏။ စက်ရုံ၊ အလုပ်ရုံကြီးများကလည်း ထိုဓာတ်ငွေ့ကို လေထုတွင်းမရောက်ရန် စည်းကမ်းဥပဒေများ တင်းကျပ်စွာချမှတ်ခြင်း၊ လိုက်နာခြင်းအားဖြင့် လေထုအရည်အသွေး ကောင်းမွန်မည်ဖြစ်သည်။ ကာဗွန်မိုနောက်ဆိုက်ကဲ့သို့ အလားတူ အန္တရာယ် ပြုနိုင်သည့် လေထုထဲမှ ဓာတ်ငွေ့သုံးမျိုးမှာ အိုဇုန်း (Ozone)၊ ဆယ်ဖာဒိုင်အောက်ဆိုက်နှင့် နိုက်ထရိုဂျင် အောက်ဆိုက် (Oxides of Nitrogen) တို့ဖြစ်သည်။

 

အိုဇုန်းဓာတ်ငွေ့အန္တရာယ်

အိုဇုန်းသည် အောက်ဆီဂျင်နှင့် မျိုးတူဖြစ်သော်လည်း အောက်ဆီဂျင်အက်တမ်သုံးလုံးဖြင့် ဖွဲ့စည်း တည်ရှိသော ဓာတ်ငွေ့ဖြစ်သည့် အနံ့ရှိသည့် ဓာတ်ငွေ့၊ မိတ္တူကူးစက်များအနီးတွင် လည်းကောင်း၊ လျှပ်စစ်မော်တာ၊ ထရန်စဖော်မာအနီးတွင်လည်းကောင်း၊ ဂဟေဆော် (Welding Torches)၊ ဓာတ်မီးလုပ်သည့် အခါတွင်လည်းကောင်း အိုဇုန်းဓာတ်ငွေ့ရှိနေကြောင်း ထူးခြားသည့် အနံ့အရသိရသည်။ အောက်ဆီဂျင်နှင့် မတူသည်မှာ အိုဇုန်းသည် အဆိပ်ဓာတ်ငွေ့ဖြစ်၍ အသက်ရှူစနစ်ကို ဒုက္ခပေးသည်။ ပုံမှန်ကျန်းမာသူများ၊ လေ့ကျင့်ခန်း လုပ်နေသူများသည်ပင် အိုဇုန်းဓာတ်ငွေ့အနည်းငယ်မျှရှိနေပါက ကျန်းမာလှုပ်ရှားနေသူတို့၏ အဆုတ် ပုံမှန်လုပ်ဆောင်မှုကို လျော့ကျစေသည်။ လက္ခဏာ မှာ ချောင်းဆိုးခြင်း၊ ရင်ဘတ်အောင့်ခြင်း၊ နှာရည် ယိုခြင်း၊ နှာချေခြင်းတို့ဖြစ်သည်။ မြေပြင်ရှိ အိုဇုန်းသည်အန္တရာယ်ပေးလျက်ရှိသည်။ Ozone in the troposphere near ground level is often referred to as “bad” ozone. မြို့ကြီးပြကြီးများ၌ မော်တော်ယာဉ်ကြီးငယ်များကြောင့် VOM (or) VOC Volatinc Organic matter Volatile organic compound များကြောင့် အိုဇုန်းဓာတ်ငွေ့ဖြစ်ပေါ် ကာ အန္တရာယ်ပြုဓာတ်ငွေ့ ဖြစ်လေတော့သည်။

 

၁၀ - ၃၀ မိုင်အထိဖြစ်သော ကောင်းကင်၌ တည်ရှိနေသည့် အိုဇုန်းသည် UV ရောင်ခြည်အား အကာအကွယ် ပေးသဖြင့် မြေပေါ်မှသတ္တဝါတို့ အသက်ရှင်နေနိုင်ခြင်းဖြစ်သည်။ Ozone in the troposphere near ground level is often referred to as “bad” ozone, while ozone in the stratosphere as “good” ozone. ကျွန်ုပ်တို့ သိရှိ နေသည့် သိပ္ပံအချက်အလက်တစ်ခုဖြစ်သည့် အိုဇုန်း သည် မြေပြင်မှ ၃၅ ကီလိုမီတာအတွင်း ပါဝင်မှု အမျိုးမျိုးရှိသည်ကို ပုံတွင်တွေ့ရပါမည်။ ထို့ကြောင့် အိုဇုန်းအလွှာ (Ozone Layer) ဟု ခေါ်တွင်နေခြင်းမှာ လွဲမှားထင်စရာဖြစ်နေသည်။

 

လေထုဆိုသည်

လေထုတွင်းမှာရှိနေသော နိုက်ထရိုဂျင် ၇၈ ရာခိုင်နှုန်းသည် UV ရောင်ခြည်၊ ကော့စဖစ် ရောင်ခြည်၊ မိုးကြိုးပစ် လျှပ်စီးလက်ခြင်းတို့ကြောင့် နိုက်ထရိုဂျင်၏ ဓာတ်စည်းသုံးခုသည် ပြိုကွဲရသည်။ ထိုမှ နိုက်ထရိုဂျင် အက်တမ်တို့သည် အောက်ဆီဂျင် နှင့်ပေါင်းစပ်ကာ နိုက်ထရိုဂျင်မိုနောက်ဆိုက်ဖြစ်လာ သည်။ ထိုမှတစ်ဆင့် နိုက်ထရိုဂျင်ဒိုင်အောက်ဆိုက်၊ နိုက်ထရစ်အက်စစ်၊ ထိုမှတစ်ဆင့် နိုက်ထရိတ်ဖြစ်တော့သည်။ နိုက်ထရိတ်ဓာတ်ဆားမှန်သမျှသည် ရေတွင်ပျော်ဝင်ကြရာ နောက်ဆုံး၌ ပင်လယ်ရေတွင် စုလေတော့သည်။

 

ဤဖြစ်စဉ်သည် ရှေးနှစ်ပေါင်း သန်းခြောက်ရာနှင့် လေးရာအတွင်းမှတိုင် ယနေ့အထိ ဖြစ်နေသော ဖြစ်စဉ်များဖြစ်၏။ ထိုနိုက်ထရိတ်တို့သည် တန်ပေါင်းဘီလီယံချီပြီးရှိနေကြ၏။ မြေဆီလွှာပေါ်တွင် မြေဩဇာဖြစ်ရုံမျှမက မြစ်ချောင်းအင်းအိုင်၊ ပင်လယ်သမုဒ္ဒရာအထိ စီးဆင်းသွားကြသည်သာတည်း။ ဤသို့ဖြစ်လျှင် လေထုတွင်းမှ အောက်ဆီဂျင်သည် နိုက်ထရိုဂျင်အက်တမ်နှင့် ပေါင်းစပ်သည့်အတွက် သန်းနှစ်ဆယ်အတွင်း ကုန်ဆုံးသွားမည်ဖြစ်သည်။ လေထုမှ အောက်ဆီဂျင်သည် နိုက်ထရိတ် (NO3_) အဖြစ် ကမ္ဘာ့ပင်လယ်ရေတွင် အမြဲရှိနေတော့မည်။

 

သဘာဝတရားကြီးကား အလွန်ဆန်းကြယ်လှသည်ဟု ဆိုရပေမည်။ ကမ္ဘာ့ပင်လယ်ကြမ်းပြင်တွင် ဒီနိုက်ထရီဖိုင်း (Denitrified) ဗက်တီးရီးယား များ၏ စွမ်းဆောင်ချက်ကြောင့် နိုက်ထရိတ်ဆား တို့ကို အောက်ဆီဂျင်နှင့် နိုက်ထရိုဂျင်အဖြစ် ပြောင်းလဲသွားကြကာ ရေထုနှင့် လေထုတွင်းသို့ နိုက်ထရိုဂျင်နှင့် အောက်ဆီဂျင် ဓာတ်ငွေ့အဖြစ် ပြန်လည်ရောက်ရှိလာကြသည်။

 

ထို့ကြောင့် လေထုတွင် နိုက်ထရိုဂျင်ဓာတ်ငွေ့ ၇၈ ရာခိုင်နှုန်းနှင့် အောက်ဆီဂျင် ၂၁ ရာခိုင်နှုန်းသည် အမြဲတစေ ရှိနေခြင်းဖြစ်သည်။ လေထု၌ရှိသည့် အဓိကဓာတ်ငွေ့များဖြစ်သည်။ ကမ္ဘာ့လေထု၏ အရည်အသွေးကို ထိန်းထားသော ဓာတ်ငွေ့များ ဖြစ်သည်ဟု နားလည်လာကြသည်။ အောက်ဆီဂျင် ဓာတ်ငွေ့ရာခိုင်နှုန်းသည် ၂၁ ထက်ကျော်လွန်ပါက စိမ်းလန်းစွတ်စိုသော မြက်ခင်းပြင်များသည် မီးလောင်ကျွမ်းလွယ်တော့မည်။ သက်ရှိသတ္တဝါတို့၏ နှလုံးခုန်နှုန်းလည်း မြန်လာကာ မြန်မြန်အို လွယ်မည်ဟု ခန့်မှန်းရပေသည်။ နိုက်ထရိုဂျင်နှင့် အောက်ဆီဂျင်တို့၏ ထုထည်အချိုးဖြစ်သည့် ၇၈ နှင့် ၂၁ ရာခိုင်နှုန်းကို အပြောင်းအလဲမရှိစေရန် စက်မှုလုပ်ငန်းနှင့် မော်တော်ယာဉ်သုံးစွဲသူတို့က လည်း အထူးဂရုစိုက်ကြရမည်ဖြစ်သည်။

 

အလိုအပ်ဆုံးဓာတ်ငွေ့နှင့်  အန္တရာယ်အပြုဆုံးဓာတ်ငွေ့

လေထုဆိုသည်ကို ကျွန်ုပ်တို့နားလည်လာကြသည်။ လူထုတစ်ရပ်လုံး အသက်ရှင်ကျန်းမာစွာ နေထိုင်ရေးအတွက် အလိုအပ်ဆုံးဓာတ်ငွေ့မှာ အောက်ဆီဂျင်၊ ဒုတိယအလိုအပ်ဆုံးမှာ နိုက်ထရိုဂျင် ဓာတ်ငွေ့ဆိုသည်ကိုလည်း သိရှိလာပြီ။ ကျောက်မီးသွေးသုံး၍ လျှပ်စစ်ထုတ်သော စက်ရုံများ၊ မော်တော်ယာဉ်များကလည်း ကာဗွန်ဒိုင်အောက်ဆိုက်ထုတ်ကြောင်း၊ လူနှင့် သတ္တဝါအပေါင်းတို့ အသက်ရှူထုတ်ကြသည့် အခါတွင်လည်းကောင်း၊ ရုက္ခသတ္တလောကတို့ ယိုယွင်းပျက်သုဉ်းဆွေးမြည့်သည့် အခါတွင်လည်းကောင်း ကာဗွန်ဒိုင် အောက်ဆိုက်ထွက်သည်ချည်းဖြစ်၏။

 

ကာဗွန်ဒိုင်အောက်ဆိုက်သည် ကမ္ဘာကြီးပူနွေးစေသော်လည်း မိတ်ဆွေဓာတ်ငွေ့ဖြစ်သည့် ၃၀၀ ပီပီအမ်(ppm) ထက်ကျော်လွန်လျှင် ကမ္ဘာကြီးအတွက် ပူနွေးစေလိမ့်မည်ဆိုသည်လည်း သိရှိလာသည်။ ထို့ကြောင့် ဤဓာတ်ငွေ့မထွက်စေသော နည်းပညာ၊ အထွက်နည်းသော နည်းပညာဖြင့် လျှပ်စစ်စွမ်းအင် ထုတ်ခြင်းနှင့် မော်တော်ယာဉ်များ သုံးစွဲကြရမည်။

 

ကျွန်ုပ်တို့ ရှူရှိုက်သောလေတွင် အန္တရာယ်အပြုဆုံးဓာတ်ငွေ့မှာ ကာဗွန်မိုနောက်ဆိုက်၊ ဒုတိယ အန္တရာယ်ပြုသည့်ဓာတ်ငွေ့မှာ အိုဇုန်းဖြစ်သည်။ ဤဓာတ်ငွေ့နှစ်မျိုးမှာ လူဦးရေနှင့် ယာဉ်များဖြင့် ပြည့်ကျပ်နေသည့် မြို့ပြ၊ မီဂါစီးတီးတို့၌ ကြုံတွေ့ရသော လေထုညစ်ညမ်းမှုပြဿနာဖြစ်သည်ကို နားလည်ကြသည်ဖြစ်ရာ အနာဂတ်မြို့ပြတည်ဆောက်ပုံ၊ လူမှုစီးပွားလုပ်ဆောင်မှုများ ပြုပြင် ပြောင်းလဲရန်၊ လေထုညစ်ညမ်းမှုသတိပြုရန်လိုအပ်ကြောင်း၊ နေရောင်ခြည်၊ ရေအား၊ လေအားများ သုံ၍ လျှပ်စစ်ဓာတ်ရရှိရေးကို ပိုမိုလုပ်ဆောင်နိုင်ရန် ဦးတည်ကြရမည်ဖြစ်ကြောင်း ရေးသားလိုက်ရပါသည်။