တာချီလိတ် ၁၅ မတ်
ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့တွင် မီးခိုးမြူငွေ့များ ထူထပ်မှုကြောင့် လေထုညစ်ညမ်းမှုဖြစ်ပေါ်ပြီး လေကြောင်းလိုင်းခရီးစဉ် ဆင်းသက်ချိန်များ နောက်သို့ရွှေ့ဆိုင်း ပျံသန်းရသော်လည်း ခရီးသည်တင်လေကြောင်းလိုင်းများ နေ့စဉ်ပုံမှန် ပျံသန်းပြေးဆွဲလျက်ရှိကြောင်း သိရသည်။
မီးခိုးမြူငွေ့များကြောင့် လေထုညစ်ညမ်းမှု ထူထပ်စွာဖြစ်ပေါ်ခဲ့ရာ မြင်ကွင်းများပိတ်ကာ အမြင်အားနည်းလာခြင်းကြောင့် မတ် ၁၁ ရက်မှ စတင်ကာ လေယာဉ်ဆင်းသက်ရန် မွန်းလွဲချိန်သို့ ရွှေ့ဆိုင်းခဲ့ရသော်လည်း လေကြောင်းလိုင်းများ ပုံမှန်ပြေးဆွဲပျံသန်းလျက်ရှိကြောင်း တာချီလိတ် လေကြောင်းရဲတပ်ဖွဲ့စုမှူး ဒုရဲမှူးစောဘလက်ဇက်ထံမှ သိရှိရသည်။
နယ်စပ်ဒေသမြို့ဖြစ်သည့် တာချီလိတ်မြို့တွင် ပြည်တွင်းပြည်ပ ခရီးသွားများ အဝင်အထွက်များပြားသဖြင့် ကျန်းမာရေးဦးစီးဌာနမှ COVID-19 ဗိုင်းရပ်စ်ကူးစက်ရောဂါအတွက် အထူးသတိထား ကြပ်မတ်စစ်ဆေးလျက်ရှိပြီး လေထုညစ်ညမ်းမှု လျော့နည်းကျဆင်းစေရေး ဗိုလ်ချုပ်လမ်းမကြီးတစ်လျှောက်နှင့် ရပ်ကွက်များအတွင်း မီးသတ်ဦးစီးဌာနမှ မီးသတ်ယာဉ်များဖြင့် နေ့စဉ်နံနက်ပိုင်းနှင့် ညနေခင်းအချိန်များတွင် ရေမှုန်ရေမွှားများ ပက်ဖျန်းပေးလျက်ရှိကြောင်း သိရှိရသည်။
ယာဆေး (ပြန်/ဆက်)