ရေနံချောင်း ၁၆ မေ
မကွေးတိုင်းဒေသကြီး ရေနံချောင်းမြို့ မြို့ရှောင်လမ်း မိုင်တိုင်အမှတ် ၇/၇ နှင့် ၈/ဝ အကြားတွင် မေ ၁၆ ရက် မွန်းလွဲ ၁ နာရီခန့်က လေယာဉ်ဆီသယ်ဆောင်လာသော ၂၂ ဘီးတွဲယာဉ်တစ်စီး ဘရိတ်ရှူးများကပ်၍ ကားဘီးတာယာများ မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း မြို့နယ်မီးသတ်ဦးစီးဌာနမှ သိရသည်။
ဖြစ်စဉ်မှာ မိတ္ထီလာမြို့နေ ဦးဌေးအောင် မောင်းနှင်လာပြီး ယာဉ်နောက်လိုက် ဦးကျော်မိုး လိုက်ပါလာသော ဆီဂါလန် ၈၅၀ဝ ဆံ့ MERCEDES အမျိုးအစား ၂၂ ဘီးတွဲယာဉ်သည် မင်းလှသံပရာကန်မှ လေယာဉ်ဆီများတင်ဆောင်လာပြီး တံတားဦးလေဆိပ်သို့ ပို့ဆောင်ရန်မောင်းနှင်လာစဉ် ရေနံချောင်းမြို့ရှောင်လမ်းအရောက် ကားနောက်ဘယ်ဘက်ဘီး ဘရိတ်ရှူးကပ်ကာ အပူရှိန်လွန်ကဲရာမှ စတင်လောင်ကျွမ်းခဲ့ခြင်းဖြစ်သည်။ အခြားဘီးတာယာများအား ကူးစက်လောင်ကျွမ်းရာ တာယာ ၁၂ လုံး မီးလောင်ဆုံးရှုံးခဲ့သည်။
မီးလောင်မှုဖြစ်ပွားရာသို့ မြို့နယ်မီးသတ်ဦးစီးမှူး ဦးသန်းနိုင်ဦးနှင့် သန္ဓေမီးသတ် ၁၄ ဦး၊ မီးငြိမ်းသတ်ယာဉ်တစ်စီး၊ ရေသယ်ယာဉ်တစ်စီး၊ နောင်ရိုးနယ်မြေမီးသတ်စခန်းမှ မီးငြိမ်းသတ်ယာဉ်တစ်စီးနှင့် ရေနံနှင့်သဘာဝဓာတ်ငွေ့လုပ်ငန်းမှ မီးသတ်ယာဉ်များဖြင့် ကူညီငြိမ်းသတ်ခဲ့ရာ မွန်းလွဲ ၁ နာရီ ၃၅ မိနစ်တွင် မီးလုံးဝငြိမ်းသွားခဲ့သည်။ မီးလောင်မှုကြောင့် လူနှင့်တိရစ္ဆာန်များ ထိခိုက်မှုမရှိကြောင်း သိရသည်။
အဆိုပါမီးလောင်မှုနှင့် ပတ်သက်၍ ယာဉ်မောင်းဦးဌေးအောင်အား လက်မှတ်ကုန်းနယ်မြေရဲစခန်းမှ အရေးယူဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ကိုစိုးကြီး