ဆန်ဖရန်စစ္စကို ၂၆ ဇူလိုင်
အမေရိကန်ရှိ ထိပ်တန်းလေယာဉ် ကုမ္ပဏီကြီးတစ်ခုဖြစ်သည့် ဘိုးအင်းကုမ္ပဏီသည် ၂၀၁၉ခုနှစ်၏ ဒုတိယလေးလပတ်အတွင်း အမေရိကန်ဒေါ်လာ သုံးဘီလီယံခန့် ဝင်ငွေဆုံးရှုံးမှုဖြစ်ပွားခဲ့ကြောင်း ဇူလိုင် ၂၄ ရက်တွင် ဖော်ပြခဲ့သည်။
ဘိုးအင်း ၇၃၇ မက်စ်လေယာဉ်များ မတော်တဆပျက်ကျမှု ဖြစ်ပွားပြီးနောက် ကမ္ဘာတစ်ဝန်းရှိ အဆိုပါလေယာဉ်များအား ပျံသန်းပြေးဆွဲမှု ရပ်နားထားခဲ့ရသည့် နောက်ဆက်တွဲ ရလဒ်တစ်ခုအနေဖြင့် ထိုသို့ ဝင်ငွေနစ်နာဆုံးရှုံးမှု ဖြစ်ပေါ်ခဲ့ခြင်း ဖြစ်သည်။
ကုမ္ပဏီ၏ သုံးလတစ်ကြိမ် ဘဏ္ဍာငွေရရှိမှုမှာ ပြီးခဲ့သည့် နှစ်အလားတူအချိန်ကရရှိခဲ့သည့် ၂၄ ဘီလီယံရရှိမှုနှင့် နှိုင်းယှဉ် လျှင် ၃၅ ရာခိုင်နှုန်းအထိ ထိုးကျသွားခဲ့ကြောင်း ကုမ္ပဏီက ပြောကြားခဲ့သည်။ ဘိုးအင်း၏ ရောင်းအားအကောင်းဆုံးဖြစ်သည့် ၇၃၇ မက်စ်လေယာဉ်သည် အင်ဒိုနီးရှားနှင့် အီသီယိုပီးယား နိုင်ငံတို့တွင် မတော်တဆပျက်ကျမှုဖြစ်ပွားကာ လူပေါင်း ၃၄၆ ဦး သေဆုံးခဲ့ရပြီးနောက်ပိုင်း ယခုနှစ် မတ်လလယ် လောက်မှစတင်ကာ ကမ္ဘာတစ်ဝန်း ပျံသန်းပြေးဆွဲနေမှုများကို ရပ်နားထားခဲ့ရပြီး ဘိုးအင်းလေယာဉ်အမှာစာများလည်း လျော့ကျသွားခဲ့သည်။
ဘိုးအင်းကုမ္ပဏီသည် ယခုနှစ်၏ ဒုတိယလေးလပတ်အတွင်း စီးပွားရေးလုပ်ငန်းသုံး လေယာဉ်အစင်း ၉၀ကို ပို့ဆောင်မှုရှိ ခဲ့ပြီး ယင်းပမာဏသည် ၂၀၁၈ ခုနှစ် အလားတူကာလက ပို့ဆောင်ခဲ့သည့် လေယာဉ်အစင်းပေါင်း ၁၉၄ စင်းနှင့် နှိုင်းယှဉ်လျှင် ၅၄ ရာခိုင်နှုန်း ကျဆင်းသွားခဲ့ခြင်းဖြစ်ပြီး ယခုနှစ်၏ ဒုတိယလေးလပတ်အတွင်း ဘိုးအင်း ၇၃၇ မက်စ်လေယာဉ် တစ်စင်းမျှ ပေးပို့ရခြင်းမရှိခဲ့ပေ။
ဆင်ဟွာ