လေးယောက်တွဲ ပိုက်ကျော်ခြင်းပြိုင်ပွဲ စတင်ကျင်းပ

အရှေ့တောင်အာရှ တက္ကသိုလ်များ အားကစားပြိုင်ပွဲ၏ ပိုက်ကျော်ခြင်း လေးယောက်တွဲပြိုင်ပွဲ ပထမနေ့ကို ယနေ့မွန်းလွဲပိုင်းက ဝဏ္ဏသိဒ္ဓိအားကစားရုံ၌ စတင်ကျင်းပသည်။

လေးယောက်တွဲပြိုင်ပွဲတွင် အိမ်ရှင်မြန်မာအသင်းအပါအဝင် ထိုင်း၊ မလေးရှား၊ အင်ဒိုနီးရှား၊ လာအိုအသင်းတို့ ဝင်ရောက်ယှဉ်ပြိုင်နေပြီး ပတ်လည်စနစ်ဖြင့် ကျင်းပလျက်ရှိသည်။ ပြိုင်ပွဲပထမနေ့တွင် အိမ်ရှင်မြန်မာအသင်းသည် အင်ဒိုနီးရှားကို နှစ်ပွဲပြတ်ရှုံးနိမ့်ခဲ့သည်။ မြန်မာအသင်းသည် ရလဒ်ကောင်းရရန် ကြိုးစားသော်လည်း ၁၆-၂၁ မှတ်၊ ၁၈-၂၁ မှတ်ဖြင့် နှစ်ပွဲပြတ်ရှုံးနိမ့်ခဲ့ရခြင်းဖြစ်သည်။ လေးယောက်တွဲပြိုင်ပွဲ နောက်ဆုံးနေ့ကို ဒီဇင်ဘာ ၁၈ ရက်တွင် ဆက်လက်ကျင်းပမည်ဖြစ်ပြီး မြန်မာအသင်းသည် အုပ်စုပွဲများအဖြစ် မလေးရှား၊ ထိုင်း၊ လာအိုတို့နှင့် ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။

နံနက်ပိုင်းက ကျင်းပပြီးစီးသွားသည့် သုံးယောက်တွဲပြိုင်ပွဲတွင် ထိုင်းအသင်းက ရွှေတံဆိပ်၊ အင်ဒိုနီးရှားအသင်းက ငွေတံဆိပ်၊ မလေးရှားအသင်းက ကြေးတံဆိပ်ရခဲ့ပြီး အိမ်ရှင်မြန်မာအသင်းမှာ ဆုတံဆိပ်နှင့် လွဲချော်ခဲ့သည်။

 

သတင်း-ညီမြတ်သော်တာ

 

ဓာတ်ပုံ-စိုးညွန့်