လဟယ် ဖေဖော်ဝါရီ ၉
စစ်ကိုင်းတိုင်းဒေသကြီး နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လဟယ်မြို့တွင် စိုက်ပျိုးရေးဦးစီးဌာန ကော်ဖီ-ရာသီသီးနှံဌာနခွဲမှ ဖွင့်လှစ်ပို့ချသော မဲခေါင်-လန်ချန်းပူးပေါင်းဆောင်ရွက်ရေး အထူးရန်ပုံငွေ ဖြင့် ဆောင်ရွက်မည့် ရေရှည်တည်တံ့သော ကော်ဖီစိုက်ပျိုးထုတ်လုပ်မှု ပညာပေးသင်တန်း(TOT)နှင့် စိုက်ပျိုးထုတ်လုပ်မှုလုပ်ငန်းသုံးကိရိယာများ တောင်သူများသို့ ပေးအပ်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီက လဟယ်မြို့ နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များဖွံ့ဖြိုးရေး သင်တန်းကျောင်းခန်းမ၌ ကျင်းပသည်။
ဦးစွာနာဂဒေသစီမံအုပ်ချုပ်ရေးအဖွဲ့ အတွင်းရေးမှူး ဦးနေမင်းသူက သင်တန်းအဖွင့်အမှာ စကားပြောကြားပြီး နာဂဒေသ စိုက်ပျိုးရေးဦးစီးဌာနမှ ဒေသတာ၀န်ခံ ဦးသိန်းထွန်းတင်မှ သင်တန်း ဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားခဲ့ကြောင်းသိရသည်။ အဆိုပါ အခမ်းအနားတွင် ဒေသအဆင့်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများက တက်ရောက်လာကြသော လဟယ်မြို့နယ် တောင်သူများနှင့် နန်းယွန်း၊ ပန်ဆောင်၊ ဒုံဟီး၊ ထန်ပါခွေ မြို့နယ်ဦးစီးမှူးများထံကော်ဖီမျိုးစေ့များ၊ ကျင်းတူးစက်များ၊ ကော်ဖီအချိုဓါတ်တိုင်းကိရိယာနှင့် တောင်သူများ အားအသိပညာပေးစာအုပ်၊ လက် ကမ်းစာစောင်များပေးအပ်ခဲ့ကြောင်းသိရသည်။
အဆိုပါသင်တန်းကို (၂)ရက်ကြာ စာတွေ့လက်တွေ့သင်ကြားပေးသွားမည်ဖြစ်ပြီး ၎င်းသင်တန်း တွင် တောင်သူ (၁၅)ဦး၊ လဟယ် ၊ နန်းယွန်း၊ ပန်ဆောင်၊ ဒုံဟီး၊ ထန်ပါခွေ မြို့နယ်ဦးစီးမှူးများ ၀န်ထမ်းများ တက်ရောက်ကြကြောင်းသိရသည်။
ယွန်း(မုံရွာ၊ကိုယ်ပွား)