လီအန်ဒရိုကိုအနိုင်ယူရန် အကောင်းဆုံးပြင်ဆင်ထားဟု အောင်လအန်ဆန် ပြောကြား

 

ရန်ကုန် ဇူလိုင် ၃၀

ONE မစ်ဒယ်ဝိတ်တန်း စိန်ခေါ်ပွဲအဖြစ် ဇူလိုင် ၃၀ ရက် (ယနေ့)တွင် ဘရာဇီးနိုင်ငံသား လီအန်ဒရိုနှင့် ထိုးသတ် ရမည့် မြန်မာ MMA ကစားသမား အောင်လအန်ဆန်က အနိုင်ထိုးသတ်နိုင်ရန် အကောင်းဆုံးပြင်ဆင်ထား ကြောင်း ပြောကြားခဲ့သည်။

ယခုပွဲမှာ အောင်လအန်ဆန်အတွက်အရေးပါနေပြီး ၂၀၂၀ ပြည့်နှစ် အောက်တိုဘာ ၃၀ ရက်က လက်လွှတ်ခဲ့ရသည့် မစ်ဒယ်ဝိတ်တန်း ကမ္ဘာ့ချန်ပီယံဆုကို ပြန်လည်စိန်ခေါ်ခွင့်ရရန် လီအန်ဒရိုကို အနိုင်ထိုးသတ်ရမည်ဖြစ်သည်။ အောင်လအန်ဆန်သည် ၎င်းပိုင်ဆိုင်ထားသည့် ONE မစ်ဒယ်ဝိတ်တန်းနှင့် လိုက်ဟဲဗီးဝိတ်တန်း ကမ္ဘာ့ ချန်ပီယံခါးပတ် နှစ်ခုစလုံးလက်လွှတ်ခဲ့ရပြီးနောက်ပိုင်း မစ်ဒယ်ဝိတ်တန်း ပွဲစဉ်များသာထိုးသတ်ရန် ဆုံးဖြတ်ထားသူဖြစ်ပြီး မစ်ဒယ်ဝိတ်တန်း ကမ္ဘာ့ချန်ပီယံဆု စိန်ခေါ်နိုင်ရန် စိန်ခေါ်ပွဲများ စတင်ထိုးသတ်ရခြင်းဖြစ်သည်။

ONE Championship 326G အောင်လအန်ဆန်နှင့် လီအန်ဒရိုပွဲမှ အနိုင်ရသူကို လက်ရှိမစ်ဒယ်ဝိတ်တန်း ကမ္ဘာ့ချန်ပီယံ ဒီရစ်ဒါအား စိန်ခေါ်ခွင့်ပေးမည်ဟု ထုတ်ပြန်ထားသောကြောင့် အောင်လအန်ဆန်အနေဖြင့် ၎င်း၏ တစ်ကျော့ပြန် ကမ္ဘာ့ချန်ပီယံမျှော်လင့်ချက်အတွက် လီအန်ဒရိုကို အနိုင်ရရန်လိုအပ်နေပြီး အနိုင်ရမှသာ ဒီရစ်ဒါကို စိန်ခေါ်ခွင့်ရမည်ဖြစ်သည်။

“ကျွန်တော့်အနေနဲ့ အကောင်းဆုံးလေ့ကျင့် ပြင်ဆင်ထားသလို ကျွန်တော့်အသင်း၊ ကျွန်တော့် လေ့ကျင့်ဖော်တွေကလည်း အကောင်းဆုံးဖြစ်အောင် ပံ့ပိုးပေးထားပါတယ်။ ကျွန်တော်နဲ့ ထိုးသတ်ရမယ့် လီအန်ဒရိုက ဂျူဂျစ်ဆု ကမ္ဘာ့ချန်ပီယံ ငါးကြိမ်ရထား သလို ကစားသမားကောင်းတစ်ဦး ဖြစ်ပါတယ်။ သူအားသာတဲ့အရာတွေ အများကြီးရှိပါတယ်။ သူနဲ့ ထိုးသတ်ဖို့အတွက် သူ့ရဲ့ အားသာချက်၊ ထိုးပုံတွေ၊ နည်းဗျူဟာတွေကို လေ့လာထားပါတယ်။ ခက်ခဲတဲ့ပွဲတစ်ပွဲ ဖြစ်လာမှာတော့ သေချာပါတယ်။ ကျွန်တော် ကတော့ ကိုယ့်ကိုယ်ကိုယ် ယုံကြည်ပါတယ်။ သူ့ရဲ့ အားသာချက်တွေကို ထိန်းချုပ်နိုင်ပြီး အကောင်းဆုံး ပုံစံနဲ့ တုံ့ပြန်နိုင်မယ်ဆိုတာပါ။ ကျွန်တော့်ရဲ့ ရည်မှန်း ချက်က မစ်ဒယ်ဝိတ်တန်း ကမ္ဘာ့ချန်ပီယံဆုကို ပြန်လည်ရယူနိုင်ဖို့ ဖြစ်ပါတယ်။ ဒီအတွက် အကောင်းဆုံးပြင်ဆင်နေပါတယ်။ ပြန်လည်ရယူနိုင် မယ်လို့လည်း ယုံကြည်ပါတယ်။ ဒီရည်မှန်းချက်ကိုသွားဖို့ လီအန်ဒရိုကို အနိုင်ရဖို့လိုပါတယ်။ ဒါကြောင့် အနိုင်ရဖို့ အကောင်းဆုံး ပြင်ဆင်ထားပါတယ်”ဟု အောင်လအန်ဆန်က ONE Championship နှင့် တွေ့ဆုံမှုတွင် ထည့်သွင်းပြောကြားခဲ့သည်။

ငါးပွဲမြောက်တွဲဆိုင်း အောင်လအန်ဆန်၏ စိန်ခေါ်ပွဲပါဝင်သည့် Battleground အမည်ရ MMA ပြိုင်ပွဲကို ဇူလိုင် ၃၀ ရက် မြန်မာစံတော်ချိန် ည၇ နာရီတွင် စင်ကာပူနိုင်ငံ၌ ကျင်းပမည်ဖြစ်သည်။ ယင်းပြိုင်ပွဲတွင် တွဲဆိုင်း ခြောက်ပွဲ ပါဝင်မည်ဖြစ်ပြီး အောင်လအန်ဆန်နှင့် လီအန်ဒရိုတို့ပွဲမှာ ငါးပွဲမြောက်တွဲဆိုင်းအဖြစ် ကျင်းပမည်ဖြစ်သည်။

သတင်း - ကိုညီလေး

ဓာတ်ပုံ - ONE Championship