လီဗာပူးအသင်းက မီလင်ကိုဗစ်-ဆာဗစ်ကို ပေါင်သန်း ၈ဝ ပေး၍ ခေါ်ယူရမည်

လီဗာပူးအသင်းဟာ နယ်သာလန်ကွင်းလယ်ကစားသမား ဝစ်ဂျဲနယ်ဒမ် အသင်းကနေ ထွက်ခွာသွားပြီးနောက် အသင်းရဲ့ ကွင်းလယ်ပိုင်းကို အားဖြည့်ဖို့ အီတလီစီးရီးအေကလပ် လာဇီယိုအသင်းမှ ဆားဘီးယား ကွင်းလယ်ကစားသမား မီလင်ကိုဗစ်-ဆာဗစ်ကို ခေါ်ယူရန် စီစဉ်ထားပြီး ပြောင်းရွှေ့ကြေး ပေါင်သန်း ၈၀ ပေးပြီးခေါ်ယူရဖို့ရှိတယ်လို့ သိရပါတယ်။

လက်ရှိ လီဗာပူးအသင်းရဲ့ ကွင်းလယ်ပိုင်းမှာ ဂျော်ဒန်ဟန်ဒါဆန်၊ အယ်လ်ကန်တာရာ၊ ဖာဘင်ဟို၊ နာဘီကီတာ၊ ဂျိမ်းမီလ်နာနဲ့ ကာတစ်ဂျူန်းတို့ ရှိနေပေမယ့် ဖာဘင်ဟိုနဲ့ ဟန်ဒါဆန်တို့ဟာ ဒဏ်ရာ အသီးသီးရရှိထားတာကြောင့် ကြံ့ခိုင်မှုမပြည့်ဝသေးသလို ကီတာကိုလည်း နွေရာသီအပြောင်းအရွှေ့ ဈေးကွက်အတွင်းမှာ ရောင်းချသွားဖို့ စီစဉ်ထားတာမို့ ကွင်းလယ်ကစားသမားသစ်တစ်ဦးကို ခေါ်ယူ သွားဖို့ နည်းပြကလေက စီစဉ် ထားတာဖြစ်ပါတယ်။

အသက် ၂၆ နှစ်အရွယ်ရှိ ကွင်းလယ်ကစားသမား မီလင်ကိုဗစ်-ဆာဗစ်ဟာ လာဇီယိုအသင်းနဲ့အတူ ပွဲစဉ် စုစုပေါင်း ၂၅၀ နီးပါးအထိ ပါဝင်ပွဲထွက်ကစားခွင့်ရရှိ ခဲ့ရာမှာ အီတလီစီးရီးအေသွင်းဂိုး ၄၇ ဂိုးအထိသွင်း ယူပေးနိုင်ခဲ့သူဖြစ်ပါတယ်။

ဒါပေမယ့် ကွင်းလယ်ကစားသမား မီလင်ကိုဗစ်ဆာဗစ်ဟာ လာဇီယိုအသင်းမှာ ခြောက်နှစ်ကြာ ဖြတ်သန်းခဲ့ပြီးနောက် လာဇီယိုအသင်းနဲ့ လမ်းခွဲဖို့ စီစဉ်နေတာကြောင့် လီဗာပူးအသင်းက ခေါ်ယူဖို့ ပစ်မှတ်ထားနေတာလည်းဖြစ်ပါတယ်။

လာဇီယိုအသင်းက ကွင်းလယ်ကစားသမား မီလင် ကိုဗစ်-ဆာဗစ်ရဲ့ ပြောင်းရွှေ့ကြေးကို ပေါင်သန်း ၈၀ သတ်မှတ်ထားပြီး အသင်းရဲ့ စံချိန်တင်ပြောင်းရွှေ့ကြေး ဖြစ်လာဖို့ရှိတဲ့အပြင် လာဇီယိုအသင်းရဲ့ တောင်းဆိုမှုအတိုင်း လီဗာပူးအသင်းအနေနဲ့ ခေါ်ယူသွားနိုင်မလားဆိုတာ စောင့်ကြည့်ရမှာဖြစ်ပါတယ်။

လီဗာပူးအသင်းဟာ မီလင်ကိုဗစ်-ဆာဗစ်ကို ခေါ်ယူဖို့ စီစဉ်နေတဲ့အပြင် ဆာဆူအိုလိုအသင်းမှ အီတလီတိုက်စစ်မှူး ဒိုမီနီကိုဘီရာဒီကိုလည်း ခေါ်ယူဖို့ ပစ်မှတ်ထားနေပြီး အဲဒီကစားသမားဟာ ယူရို ၂၀၂၀ ပြိုင်ပွဲမှာ အီတလီအသင်းနဲ့အတူ အကောင်းဆုံးခြေစွမ်း ပြကစားနိုင်ခဲ့တာဖြစ်ပါတယ်။ ဒါ့အပြင် အသက် ၂၆ နှစ်အရွယ်ရှိ တိုက်စစ်မှူး ဒိုမီနီကိုဘီရာဒီဟာ ဆာဆူအိုလိုအသင်းနဲ့အတူ ပွဲစဉ်စုစုပေါင်း ၂၉၀ ပါဝင်ကစားပေးခဲ့ရာ သွင်းဂိုး ၁၀၅ ဂိုးအထိသွင်းယူပေးနိုင်ခဲ့တဲ့ ကစားသမားတစ်ဦးလည်း ဖြစ်ပါတယ်။

ငွေကြယ်