၂၈ အောက်တိုဘာ
တနင်္ဂနွေနေ့ ညက ပရီမီယာလိဂ်ပွဲစဉ် (၁၀) ကို အသီးသီးယှဉ်ပြိုင်ကစားခဲ့ကြရာ လီဗာပူးအသင်းက စပါးအသင်းကို နှစ်ဂိုး-တစ်ဂိုးဖြင့် အနိုင်ရရှိခဲ့ပြီး မန်ယူအသင်းကတော့ အဝေးကွင်းမှာ နော့ဝှစ်အသင်းကို သုံးဂိုး-တစ်ဂိုးဖြင့် အနိုင်ရရှိခဲ့သည်။ သို့သော် လန်ဒန်ဒါဘီ ပွဲစဉ်ဖြစ်သည့် အာဆင်နယ်အသင်းနှင့် ပဲလေ့စ်အသင်း ပွဲစဉ်တွင် တစ်ဖက်နှစ်ဂိုးစီ သရေကျခဲ့သည်။

လီဗာပူး 2 – 1 စပါး
ပြိုင်ပွဲစတင်ပြီး တစ်မိနစ်အတွင်းမှာပင် စပါးအသင်းဟာ ဟယ်ရီကိန်းရဲ့ သွင်းဂိုးနဲ့ လီဗာပူး အသင်းကို ဦးဆောင်ထားနိုင်ခဲ့ပါတယ်။ ဦးဆောင်ဂိုးပေးလိုက်ရတာကြောင့် လီဗာပူးအသင်း တိုက်စစ်ကို ပိုမိုအားကုန်ထုတ်ပြီး ရုန်းကန်လာခဲ့သည်။ ဒါပေမယ့် စပါးဂိုးသမား ဘက်ကာ လီဗာပူးတိုက်စစ်မှူး ဆာလက်နှင့်ဖာမီနိုတို့ရဲ့ ဆက်တိုက် ကန်သွင်းချက်တွေကို အကောင်းဆုံး တားဆီးထားနိုင်ခဲ့သည်။ ထို့နောက် နှစ်သင်းစလုံး ဆက်တိုက်ဆိုသလို တိုက်စစ်ဆင်မှုတွေ ပြုလုပ်ထားခဲ့ရာ ဆွန်ယောင်မင်ရဲ့ ကန်သွင်းချက် ဂိုးဘားတန်းထိခဲ့သဖြင့် လီဗာပူးတို့ နောက်ထပ်ဦးဆောင်ဂိုးကို မပေးခဲ့ရခြင်းဖြစ်သည်။
ဒုတိယပိုင်း ၅၂ မိနစ်အရောက်မှာတော့ လီဗာပူးအသင်းအတွက် လိုအပ်နေတဲ့ ချေပဂိုးကိုတော့ အသင်းခေါင်းဆောင် ဟန်ဒါဆင်က သွင်းယူပေးခဲ့သည်။ လီဗာပူးအသင်းဟာ တိုက်စစ်အားသန်သည့် အသင်းဖြစ်တာကြောင့် စပါးအသင်းကို အနိုင်ရရှိရေးအတွက် တရစပ် ဖိအားပေးကစားခဲ့သော်လည်း စပါးဂိုးသမား အတည်ငြိမ်ဆုံး ကာကွယ်ထားနိုင်ခဲ့သည်။ ပွဲချိန် ၇၅ မိနစ်အရောက်မှာတော့ လီဗာပူးအသင်း ပယ်နယ်တီရရှိခဲ့ပြီး လာဆက်က အမှားအယွင်းမရှိကန်သွင်း အဆုံးသတ်ခဲ့တာကြောင့် လီဗာပူးတို့ နှစ်ဂိုး-တစ်ဂိုးဖြင့် အနိုင်ရရှိခဲ့သည်။ လီဗာပူးအသင်းသည် ဒုတိယနေရာမှ မန်စီးတီးအသင်းကို ရမှတ် ခြောက်မှတ်အထိ ဖြတ်ထားကာ အမှတ်ပေးဇယားထိပ်ဆုံးတွင် ဦးဆောင်နေသည်။

နော့ဝှစ် 1 – 3 မန်ယူ
မန်ယူအသင်းသည် ယခုပွဲစဉ်တွင် နော့ဝှစ်အသင်းကို သုံးဂိုး-တစ်ဂိုးဆိုတဲ့ အနိုင်ရရှိခဲ့တာကြောင့် ယခုနှစ်ရာသီရဲ့ ပထမဆုံး အဝေးကွင်းနိုင်ပွဲဖြစ်ကာ နှစ်ပွဲဆက် နိုင်ပွဲရရှိခဲ့ခြင်း ဖြစ်သည်။ မန်ယူအသင်းအတွက် ဂိုးတွေကိုတော့ တော်မီနေး၊ ရက်ရှ်ဖို့နှင့်မာရှယ်တို့က သွင်းယူပေးခဲ့တာ ဖြစ်ပြီး နော့ဝှစ်အသင်းအတွက် ချေပဂိုးတစ်ဂိုးကိုတော့ ဟာနန်ဒက်က သွင်းယူပေးခဲ့တာ ဖြစ်သည်။
တော်မီနေးရဲ့ သွင်းဂိုးဟာ မန်ယူသမိုင်းတစ်လျှောက် သွင်းဂိုး ၂၀ဝဝ ပြည့်ဂိုးဖြစ်ပါတယ်။ ထို့ပြင် မန်ယူအသင်းဟာ ယခုပွဲစဉ်တွင် ပယ်နယ်တီ ကန်သွင်းခွင့် နှစ်ကြိမ်အထိ ရရှိခဲ့ပေမယ့် နှစ်ကြိမ်စလုံး ဂိုးအဖြစ် ရယူထားနိုင်ခဲ့ခြင်း မရှိခဲ့ပေ။ ပထမ ပယ်နယ်တီကိုတော့ ရက်ရှ်ဖို့၊ ဒုတိယ ပယ်နယ်တီကိုတော့ မာရှယ်က ကန်သွင်းခဲ့ကြပေမယ့် နော့ဝှစ်ဂိုးသမား ခရူးလ်က ကာကွယ်ထားနိုင်ခဲ့တာ ဖြစ်သည်။ မန်ယူအသင်းဟာ ယခုနှစ်ရာသီတွင် ပယ်နယ်တီ ခြောက်ကြိမ်အထိ ရရှိထားခဲ့ပြီး ရှက်ရှ်ဖို့ နှစ်ကြိမ်၊ ပေါ့ဘာနှင့် မာရှယ်တို့က တစ်ကြိမ်စီ လွဲချော်ထားသည်။
ပြိုင်ပွဲပြီးဆုံးချိန်မှာတော့ မန်ယူအသင်းဟာ သုံးဂိုး-တစ်ဂိုးဆိုသည့် ရလဒ်ဖြင့် ရမှတ် ၁၃ မှတ်အထိ ရရှိကာ အမှတ်ပေးဇယား အဆင့်(၇)နေရာကို ရောက်ရှိလာခဲ့ပြီး နော့ဝှစ်အသင်းမှာ ရမှတ်(၇)မှတ်ဖြင့် တန်းဆင်းဇုန် အဆင့်(၁၉)နေရာကို ရောက်ရှိနေခဲ့သည်။

အာဆင်နယ် 2 – 2 ပဲလေ့စ်
အာဆင်နယ်နှင့် ပဲလေ့စ်တို့ရဲ့ လန်ဒန်ဒါဘီပွဲစဉ်တွင် တစ်ဖက်နှစ်ဂိုးစီ သရေကျသွားခဲ့သည်။ အာဆင်နယ်အသင်းအတွက် ဂိုးတွေကိုတော့ ပွဲချိန် ၁၀ မိနစ်အတွင်းမှာပင် ဆိုကရက်တစ်နှင့် ဒေးဗစ်လူးဝဇ်တို့ ဒေါင့်ကန်ဘောမှတဆင့် အသီးသီးသွင်းယူပေးခဲ့တာဖြစ်ပြီး ပဲလေ့စ်အသင်း အတွက် ဂိုးတွေကိုတော့ လူကာမီလိုဗီဂျိုဗစ်က ပယ်နယ်တီမှတဆင့် သွင်းယူခဲ့ကာ ဒုတိယဂိုးကိုတော့ ဂျော်ဒန်အယူက သွင်းယူပေးခဲ့ခြင်း ဖြစ်သည်။
ယခုပွဲစဉ်တွင် အာဆင်နယ်အသင်းဟာ ဦးဆောင်ဂိုးနှစ်ဂိုးဖြင့် ဦးဆောင်ထားနိုင်ခဲ့သော်လည်း ချေပဂိုးတွေ ပြန်လည်ခွင့်ပြုပေးခဲ့ရတာကြောင့် အိမ်ကွင်းမှာ နှစ်မှတ်ပြန်လည်ဆုံးရှုံးခဲ့ရသည်။ တစ်နိုင်ငံတည်းသားချင်းဖြစ်တဲ့ ပီပီနှင့်ဇာဟာတို့သည် အပြိုင်အဆိုင် အကြိတ်အနယ် ဘောလုံးကစားခဲ့ကြတာကို တွေ့ခဲ့ရသည်။
အာဆင်နယ်အသင်းဟာ VAR စနစ်ကြောင့် တစ်ဂိုးပေးခဲ့ရသလို သွင်းဂိုးတစ်ဂိုးလည်း နစ်နာခဲ့ရသည်ကို တွေ့ရသည်။ ပဲလေ့စ်အသင်းရဲ့ ပထမဆုံးချေပဂိုးတွင် ဒိုင်လူကြီး မာတင်အက်ကင်ဆန်က ဇာဟာကို အဝါကတ်ပြခဲ့ပေမယ့် VAR ပြန်ကြည့်ကာ ဇာဟာရဲ့ အဝါကတ်ကို ပယ်ဖျက်ခဲ့သလို ပယ်နယ်တီကန်သွင်းခွင့်ပါ ခွင့်ပြုပေးခဲ့သည်။ တစ်ဖက်နှစ်ဂိုးစီ သရေကျနေချိန် ပွဲချိန် ၈၂ မိနစ်တွင် ဆိုကရက်တစ်က ဂိုးသွင်းယူခဲ့ပေမယ့် VAR ကို ပြန်ကြည့်ကာ ဒိုင်လူကြီးကပင် သွင်းဂိုးကို ပယ်ဖျက်ပေးခဲ့တာကြောင့် အာဆင်နယ်အသင်း လန်ဒန်ဒါဘီပွဲစဉ်တွင် အိမ်ကွင်း၌ နှစ်မှတ်နစ်နာခဲ့ရသည်။ အာဆင်နယ်အသင်း (၁၆)မှတ်ဖြင့် အဆင့် (၅)နေရာတွင် ရပ်တည်နေပြီး တစ်မှတ်အကွာဖြင့် ပဲလေ့စ်အသင်းက အဆင့်(၆)နေရာတွင် ရပ်တည်နေသည်။
MDN