၃  အောက်တိုဘာ

ရှက်ဖီးအသင်းသည် လီဗာပူးအသင်းမှ အင်္ဂလန်ယူ-၂၁ တိုက်စစ်ကစားသမား ဘရုစတာကို ကလပ်စံချိန်တင် ပြောင်းရွှေ့ကြေးဖြင့် ခေါ်ယူရန် သဘောတူညီမှုရရှိပြီဖြစ်ကြောင်း သတင်းများတွင် ဖော်ပြထားသည်။

ရှက်ဖီးအသင်းသည် ဘရူစတာ ကို ပေါင် ၂၃ ဒသမ ၅ သန်းဖြင့် ခေါ်ယူရန် သဘောတူညီမှု ရရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ ရှက်ဖီးအသင်း၏ ယခင်စံချိန်တင် ခေါ်ယူထားသည့် ကစားသမားမှာ ဘယ်လ်ဂျီယံကလပ် ဂျန့်ခ်အသင်းမှ ဆန်ဒါဘာ့ဂ်ကို ဇန်နဝါရီအပြောင်းအရွှေ့ကာလတွင် ပေါင် ၂သန်းဖြင့် ခေါ်ယူခဲ့ခြင်း ဖြစ်သည်။

အသက် ၂၀ အရွယ်ရှိ ဘရူစတာသည် ၂၀၁၇ ခုနှစ် ယူ-၁၇ ကမ္ဘာ့ဖလားပြိုင်ပွဲတွင် အင်္ဂလန်အသင်းကို ဗိုလ်စွဲနိုင်အောင် ကူညီပေးထားနိုင်သူဖြစ်သည်။

၎င်းသည် ပြီးခဲ့သည့်နှစ်တွင် လီဗာပူးအသင်းမှ ဆွမ်ဆီးအသင်းသို့ အငှားချခံထားရသူဖြစ်ပြီး ဆွမ်ဆီးအသင်းအတွက် ပြိုင်ပွဲစုံ ၂၂ ပွဲ ပါဝင်ကစားထားကာ ၁၁ ဂိုး သွင်းယူပေးထားနိုင်သူဖြစ်သည်။ ရှက်ဖီးအသင်းသည် ယခုနှစ်ရာသီ ပရီမီယာလိဂ်တွင် သုံးပွဲ ယှဉ်ပြိုင်ကစားပြီး သုံးပွဲစလုံးရှုံးနိမ့်ထားသည့် အသင်း ဖြစ်သည်။ ထို့အပြင် ရှက်ဖီးအသင်းသည် အဆိုပါသုံးပွဲတွင် လေးဂိုးခွင့်ပြုပေးထားရပြီး ဂိုးရရှိထားခြင်း မရှိသေးပေ။

ဘရူစတာကို အက်စ်တွန်ဗီလာ၊ ဘရိုက်တန်၊ ဘန်လေ၊ ခရစ္စတယ်ပဲလေ့စ်၊ ဖူလ်ဟမ်၊ နယူးကာဆယ် စသည့် အသင်းများက အဆိုပါ ကစားသမားကို အငှားခေါ်ယူရန် စိတ်ဝင်စားနေသည့်အတွက် စုံစမ်းမှု ပြုလုပ်ထားသော်လည်း ရှက်ဖီးအသင်းသို့ ပြောင်းရွှေ့ရန် သဘောတူညီခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ရှက်ဖီးအသင်း၏ လာမည့်ပွဲစဉ်အဖြစ် အောက်တိုဘာ ၄ ရက်တွင် ပရီမီယာလိဂ် ပွဲစဉ်(၄)အဖြစ် အာဆင်နယ် အိမ်ကွင်း အမ်းမရိတ်သို့ သွားရောက်ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။

အောင်ဇော်