လီဆူတိုင်းရင်းသားတို့၏ သဘာဝအလှ

မောင်မောင်ကျော်

 

လီဆူတိုင်းရင်းသူလေးများ၏ ရိုးရာအစဉ်အလာ ဝတ်စားဆင်ယင်မှုမှာ မျက်မှောက်ခေတ် မိန်းကလေးများ၏ ဝတ်စားဆင်ယင်ပုံကိုမီသည့် ခေတ်ရှေ့ပြေးဟုပင် ဆိုရမလိုဖြစ်သည်။ အဝေးမှကြည့်လျှင် အနောက်တိုင်းသူများ ဂါဝန်ဖားဖားဝတ်ဆင်ထားသည်နှင့် သဏ္ဌာန်တူသည်။ အမျိုးသမီးများသည် ခါးမှ ဒူးဆစ်အောက်နားအထိ ဖုံးအုပ်ထားသော ဂါဝန်မှာ ထောင်လိုက်အထပ်လှိုင်းတွန့်များဖြင့် ဥရောပမှ ဂါဝန်သဖွယ်ဖြစ်သည်။ အိမ်တွင်းရက်လုပ်သည့်ရက်ကန်းထွက် ချည်ထည်များကို ချုပ်လုပ်၍ အချို့ အပြာအနက်ရောင်ဆိုးထားသည်။ အချို့ အနားစတွင် အပြာအနက်ရောင် အစင်းလေးများ ရက်ထားသည်။ အပေါ်အင်္ကျီကို ခါးအောက်နားထိရောက်သည့် ရင်စေ့လက်ရှည်ဝတ်ကြသည်။ ငွေကြေးတတ်နိုင်သူတို့က နက်ပြာရောင်အထည်စနှင့် ပိတ်ကောင်းတို့ကို ချုပ်ဝတ်ကြသည်။ လှပတင့်တယ်သည့် ဝတ်စားဆင်ယင်မှုရှိသည့် လီဆူ မိန်းကလေးတို့မှာ ချစ်စဖွယ်ဖြစ်သည်။

 

ဝတ်ဆင်ထားသော အင်္ကျီပေါ်တွင် ကြွေစေ့ပြား၊ ရောင်စုံပုတီးလုံးလေးများ သိုင်းပတ်ထားသည်။ ဦးခေါင်းပေါ်တွင် ကြွေစေ့အဖြူ၊ အနီအရောင်များဖြင့် ပတ်လည်သီကာ အဖျားတွင် သေးငယ်သော ခေါင်းလောင်းငယ်လေးများ တပ်ဆင်ထားပြီး ခေါင်းဆောင်းတစ်မျိုးဖြစ်သည်။ အချို့ ငွေနားကွင်းဆွဲကြသည်။ လီဆူအမျိုးသမီးတို့၏ တိုင်းရင်းသားဝတ်စုံမှာ ရုပ်ရည်လှပပြီး ကိုယ်လုံးကိုယ်ပေါက်ထွားကျိုင်းသော လုံမပျိုများအဖြစ် လွန်စွာကြည့်ပျော်ရှုပျော်ရှိသည်ကို တွေ့ရသည်။ အဝတ်အစားတွင် အပျို၊ အအို ခွဲခြားထားခြင်းမရှိချေ။

 

လီဆူအမျိုးသားတို့အဝတ်အစားမှာ ဘောင်းဘီနှင့် အပေါ်ကုတ်အင်္ကျီကဲ့သို့ အဝတ်အစားကို ဝတ်လေ့ရှိသည်။ ထိုအဝတ်အစားပေါ်မှ အင်္ကျီရှည်ဖားဖား ထပ်ဝတ်သေးသည်။ ခါးတွင် ခါးပတ်တစ်မျိုးမျိုး ပတ်ထားသည်။ ဦးခေါင်းတွင် အပြာနက်ရောင် ခေါင်းပေါင်းပေါင်း၍ အချို့ သားရေခွံကို ဦးထုပ်လုပ်ဆောင်းတတ်သည်။ လီဆူ အမျိုးသားများတွင် ဆောင်းလေ့ရှိသောအရာမှာ သစ်သားဓားလွယ်အိမ်ဖြင့် အရှည် လေးပေခန့်ရှိသည့် ဓားတစ်ချောင်း၊ ဒူးလေးတစ်လက်နှင့် ဝါးဖြင့်ပြုလုပ်ထားသော မြားတံအိမ်တို့ဖြစ်သည်။

 

လီဆူအမျိုးသားတို့အတွက် အရေးပါဆုံး လက်နက်မှာ ဒူးလေးဖြစ်သည်။ ဒူးလေးကို ကာကွယ်ရေးနှင့် အမဲလိုက်ရေးတွင် သုံးသည်။ သာမန်လူတစ်ယောက်အဖို့ လီဆူဒူးလေးကို မောင်းတင်ရန်မှာ မလွယ်ကူလှချေ။ ဒူးလေးအတွက် အဆိပ်လူးမြားကိုသုံးပြီး ကိုက် ၃ဝ အကွာတွင် မလွဲအောင် ပစ်ခတ်နိုင်စွမ်းရှိသည်။ ခြေသလုံးတွင် အဝတ်ပတ်ထားပြီး ရှေးက အမျိုးသား၊ အမျိုးသမီးတို့သည် ဖိနပ်စီးလေ့မရှိချေ။ ရှေးက လီဆူတို့သည် နတ်ကိုးကွယ်သည့် အလေ့အထရှိပြီး ဒုတိယကမ္ဘာစစ်မတိုင်မီ ပူတာအိုနယ်သို့ မော့(စ်) သာသနာပြုများ ရောက်လာသောအခါ ခရစ်ယာန်ဘာသာဝင်များ ဖြစ်သွားကြသည်။

 

 

လီဆူအမျိုးသား တစ်ယောက်သည် မိန်းကလေးတစ်ယောက်အား သဘောကျခဲ့လျှင် ကြားမှ အောင်သွယ်တစ်ဦးအား မိန်းကလေးမိဘများထံသို့ စေလွှတ်၍ စေ့စပ်ခိုင်းရသည်။ တစ်ဖက်မှ သဘောတူခဲ့လျှင် ယောကျာ်းလေးဘက်မှ နိုင်သမျှပစ္စည်းတင်၍ တောင်းရသည်။ တင်တောင်းရမည့် ပစ္စည်းအရေအတွက်နှင့် တန်ဖိုးကို ကြားမှလူကြီးများက ဆုံးဖြတ်ပေးကြသည်။ လက်မထပ်မီ စေ့စပ်ကြောင်းလမ်းသည့် အချိန်တွင် စရန်အဖြစ် တင်ကြို၍ပေးထားရသည်။ တစ်ခါတစ်ရံ သားချင်း အချင်းချင်းယူလျှင် တစ်ဖက်နှင့်တစ်ဖက် တင်တောင်းရမည့်ပစ္စည်းမှာ ကျေသွားပြီး ဘာမျှမပေးရတော့ချေ။

 

လက်ထပ်သောအချိန်တွင် သတို့သမီးအား သတို့သားဘက်မှ အမျိုးသမီးဆွေမျိုးများ ခြံရံ၍ သတို့သားအိမ်သို့ ခေါ်ဆောင်လာရသည်။ လက်ထပ်ပွဲပြီးသော နောက်တစ်နေ့တွင် ဆွေမျိုးမိတ်သင်္ဂဟတို့ကို ဖိတ်၍ ကျွေးမွေးရသည်။ ရက်အနည်းငယ်ကြာသောအခါ ညားခါစလင်မယားသည် မိန်းကလေး၏ မိဘများအိမ်သို့ အလည်သွားကာ ကျွေးမွေးဧည့်ခံရပြန်သည်။ ထို့ကြောင့် လီဆူတို့၏ မင်္ဂလာပွဲသည် အကုန်အကျများသည်ဟု ဆိုနိုင်သည်။ မိန်းကလေးသည် သူ၏ အမျိုးသားအိမ်တွင် သားဦးမွေးဖွားသည်အထိ နေရသည်။ သားဦးမွေးဖွားပြီးမှ အိမ်သစ်ဆောက်၍ အိုးခွဲရသည်။ ရှေးအခါက မိဘများ သဘောတူမှ လက်ထပ်နိုင်ကြပြီး ယခုအခါ လူငယ်အချင်းချင်း မေတ္တာမျှလျှင် ယူနိုင်ကြသည်။ လင်ကွဲမယားကွဲ ထုံးစံမရှိချေ။

 

ရှေးက သံလွင်မြစ်ဝှမ်းတွင် နေထိုင်ကြသော လီဆူအချို့မှာ လက်ထပ်ပွဲကျင်းပပြီးသောအခါ သတို့သမီးနှင့် ၎င်း၏ မိဘများမှာ တောင်များပေါ်တွင် သွားရောက်ပုန်းအောင်ရသည်။ သတို့သားက လိုက်ရှာပြီးနောက် တောင်ပေါ်တွင် မနက်မိုးလင်းသည်အထိ နေရသည့် ထုံးစံရှိခဲ့သည်။ ကျိုင်းတုံနယ်ရှိ လီဆူ(လီရှော)တို့တွင် သတို့သမီးကို ၎င်း၏ မိဘများထံမှ ခိုးပြေး၍ တောထဲတွင် တစ်ရက်၊  နှစ်ရက် ပုန်းအောင်းပြီးမှ လက်ထပ်ပွဲကျင်းပသည့် ထုံးစံရှိခဲ့သည်။ အကျင့်စာရိတ္တ ကောင်းမွန်ကြသော လီဆူလူမျိုးတို့တွင် မိဘသဘောမတူဘဲ ခိုးရာလိုက်ပြေးခြင်း ထုံးစံမရှိချေ။

 

လီဆူတို့သည် ဆန်နှင့်ချက်သော ခေါင်ရည်ကို သောက်လေ့ရှိသူများဖြစ်သည်။ လီဆူတိုင်းရင်းသားတို့သည် တစ်ဦးနှင့်တစ်ဦး ချစ်ခင်ရင်းနှီးသည့်သဘောဖြင့် ပါးစပ်ချင်းတေ့ကပ်ကာ ခွက်တစ်ခွက်တည်းနှင့် ခေါင်ရည်အတူသောက်သော ထုံးစံရှိသည်။ အမျိုးသမီးအချင်းချင်း၊ အမျိုးသားအချင်းချင်းသာမက အမျိုးသမီးနှင့် အမျိုးသား တစ်ဦးနှင့် တစ်ဦး ရင်းနှီးသောသဘောဖြင့် ပါးစပ်ချင်းတေ့ကပ်၍ တစ်ခွက်တည်း အတူသောက်သည့် ဓလေ့ရှိရာ ဤထုံးစံကို အချစ်သောက်ပွဲဟုပင် ခေါ်ဆိုကြသည်။ နောက်ပိုင်းတွင် သာသနာပြုဆရာများ၏ ကန့်သတ်ချက်အရ ၎င်းထုံးစံ မတွေ့ရတော့ချေ။

 

လီဆူလူမျိုးတို့၏ ထူးခြားချက်မှာ ကြိုးဖြင့်တပ်၍ တီးမှုတ်ရသော မယ်ဒလင်ကဲ့သို့ တူရိယာကို အသုံးပြုကြသည်။ ယင်းကို လီဆူဘာသာဖြင့် ကြည်ဖွဲဟု ခေါ်ဆိုသည်။ ထို့အပြင် မောင်း ခေါ် ပါးစပ်ဖြင့်ကိုက်၍ တီးမှုတ်ရသော ကြိုးတပ်တူရိယာတစ်မျိုး၊ ကြွေလှီ ခေါ် ပလွေရှည်နှင့် ထူလီထူ ခေါ်သော ပလွေတိုတို့ကို အသုံးပြုကြသည်။ အထက်ပါ တူရိယာများကို တီးမှုတ်ကြရင်း အမျိုးသား၊ အမျိုးသမီး မျက်နှာချင်းဆိုင်၍ တန်းစီကာ တီးကွက်အလိုက် ခြေကပြောင်း၍ ကပြကြသည်။ ထိုအကကို လီဆူဘာသာဖြင့် ချဲငိုချဲအကဟု ခေါ်ကြသည်။ လီဆူလူမျိုးတို့ အများအပြားစုမိသော နေရာတိုင်းတွင် တိုင်းရင်းသားရိုးရာ ကြည်ဖွဲအကကို မယ်ဒလင်သံ တဒန့်ဒန့်နှင့် ကကြသည်မှာ ပျော်စရာဖြစ်သည်။ ။