နိုဝင်ဘာ ၅

အင်ဒိုနီးရှားနိုင်ငံတွင်  အရှေ့နျူဆာတန်ဂါယာပြည်နယ်ရှိ လီဝိုတိုဗီမီးတောင်ပေါက်ကွဲမှုကြောင့် ၁၀ ဦး ထက်မနည်းသေဆုံးခဲ့ရာ  ထိုပြည်နယ်ရှိလေဆိပ်လေးခုပိတ်ထားရကြောင်း အမျိုးသားသဘာဝဘေးလျော့ပါးရေးအေဂျင်စီ (ဘီအင်န်ပီဘီ)က ယမန်နေ့ကသတင်းထုတ်ပြန်ခဲ့သည်။

အရှေ့နျူဆာတန်ဂါယာပြည်နယ် ဆစ်ကာဒေသ ဖရန်ဆာဗီအာစီဒါလေဆိပ် ယာယီပိတ်ထားကြောင်း ဘီအင်န်ပီဘီ ပြောရေးဆိုခွင့်ရှိသူ အဘဒူလ်မူဟာရီက သတင်းစာရှင်းလင်းပွဲတွင် ပြောကြားသည်။

အဆိုပါပြည်နယ်ရှိ အခြားလေဆိပ်သုံးခုဖြစ်သော အရှေ့ဖလောရတ်စ်ဒေသရှိ ဂီဝါရန်တာနာလေဆိပ်၊ အင်န်ဂါဒါဒေသရှိ ဘာဂျာဝါဆိုအာလေဆိပ်နှင့် အန်ဒီဒေသရှိ အိတ်ချ်ဟာဆန်အေရိုဘိုမန်လေဆိပ်တို့လည်း ပိတ်ထားရသည်ဟု သိရသည်။

ကိုမိုဒိုနိုင်ငံတကာလေဆိပ်မှာ ဖွင့်လှစ်ထားဆဲဖြစ်သော်လည်း လေယာဉ်ပျံသန်းရာလမ်းကြောင်းတစ်လျှောက် မီးတောင်ပြာမှုန်များပျံ့နှံ့နေသဖြင့်  လေကြောင်းလိုင်း ၁၄ ခု ပယ်ဖျက်ခဲ့ရသည်ဟု ဖော်ပြထားသည်။

သေဆုံးသူ ၁၀ ဦးအနက် ကိုးဦးအလောင်းများကို ရှာဖွေတွေ့ရှိခဲ့ပြီး သေဆုံးသူတစ်ဦးမှာ အပျက်အစီးများအောက်တွင် ပိမိနေကြောင်း ဖော်ပြထားသည်။ မီးတောင်ပေါက်ကွဲမှုကြောင့် ကျေးရွာ ၁၄ ရွာမှ လူပေါင်း ၁၀၀၀၀ ကျော်ကို ဘေးကင်းရာသို့ရွှေ့ပြောင်းပေးခဲ့သည်ဟု အာဏာပိုင်များကဆိုသည်။

မီးတောင်သတိပေးချက်ကို အဆင့်သုံးမှ အဆင့်လေး(အန္တရာယ်အများဆုံးအဆင့်)အထိ မြှင့်တင်ခဲ့ပြီး မီးတောင်ပေါက်ကွဲမှု ဖြစ်ပွားရာနေရာမှ ခုနစ်ကီလိုမီတာအတွင်း ဘေးအန္တရာယ်ဇုန်အဖြစ်သတ်မှတ်ကာ  ဒေသခံများဝင်ရောက်ခြင်းမပြုရန် အာဏာပိုင်များက သတိပေးပြောကြားထားသည်။

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို