၁၈ ဒီဇင်ဘာ

 

 

ယနေ့နံနက် အစောပိုင်းက ဖီဖာအကောင်းဆုံးဆု ချီးမြှင့်ပွဲကို ဇူးရစ်မြို့မှာ ကျင်းပရာ  ပိုလန်နဲ့ ဘိုင်ယန်မြူးနစ် တိုက်စစ်မှူး လီဝန်ဒေါစကီးက အကောင်းဆုံးအမျိုးသား  ကစားသမားဆု၊ မန်စီးတီး နောက်ခံလူ လူစီဘရော့ဇ်က အကောင်းဆုံးအမျိုးသမီး ကစားသမားဆုနဲ့  လီဗာပူးနည်းပြ ယာဂန်ကလော့ပ်က ကမ္ဘာ့အကောင်းဆုံး နည်းပြဆုတွေကို အသီးသီး ဆွတ်ခူးရရှိခဲ့ပါတယ်။

 

 

အကောင်းဆုံးကစားသမားဆု ( အမျိုးသား)

 

 

လီဝန်ဒေါစကီးဟာ မနှစ်က ဖီဖာကမ္ဘာ့အကောင်းဆုံးဆုရှင် ဖြစ်တဲ့ မက်ဆီနဲ့  ဂျူဗင်တပ်တိုက်စစ်မှူး စီရိုနယ်လ်ဒိုတို့ကို ကျော်ဖြတ်ပြီး သူ့အတွက် ပထမဆုံးအကြိမ် ကမ္ဘာ့အကောင်းဆုံး ကစားသမားဆုကို ဆွတ်ခူးနိုင်ခဲ့တာဖြစ်ပါတယ်။ သူဟာ ပြီးခဲ့တဲ့ဘောလုံးရာသီမှာ  ဘိုင်ယန်အတွက် ၄၇ ပွဲဝင်ရောက် ကစားခဲ့ပြီး ၅၅ ဂိုး သွင်းယူနိုင်ခဲ့သလို  ဘွန်ဒက်စ်လီဂါ၊  ချန်ပီယံလိဂ်နဲ့ ဂျာမန်ပိုကယ်ဖလားပြိုင်ပွဲ သုံးရပ်လုံးမှာလည်း  ထိပ်တန်းဂိုးသွင်းရှင် ဖြစ်ခဲ့ပါတယ်။

 

 

ဒီဆုကို နိုင်ငံလက်ရွေးစင် အသင်းခေါင်းဆောင်တွေ၊ နည်းပြတွေ၊ မီဒီယာသမားတွေနဲ့ ပရိသတ်တွေက  မဲစနစ်နဲ့ ရွေးချယ်ပေးခဲ့တာဖြစ်ပြီး  ယခုနှစ်အကောင်းဆုံးဆုရှင် လီဝန်ဒေါစကီးက “ခင်ဗျား အနေနဲ့   ဒီလိုဆုကို ရရှိတယ်ဆိုရင် ဒါဟာ မက်ဆီ၊ စီရိုနယ်လ်ဒိုတို့လို ကစားသမားတွေနဲ့ မျှဝေရပါလိမ့်မယ်၊ ကမ္ဘာ့အကောင်းဆုံး ကစားသမားဆုကို ရရှိခဲ့တာဟာ မယုံကြည်နိုင်စရာ ကောင်းတဲ့ ခံစားချက်ကို ပေးစွမ်းနိုင်ခဲ့ပါတယ်” လို့ ဆိုပါတယ်။

 

 

အကောင်းဆုံးနည်းပြဆု

 

 

အကောင်းဆုံးနည်းပြ (အမျိုးသား)ဆုကို လီဗာပူးနည်းပြ ကလော့ပ်က ဆွတ်ခူးခဲ့တာကြောင့် သူ့အတွက် နှစ်နှစ်ဆက်တိုက် ဖီဖာအကောင်းဆုံးနည်းပြဆုကို ရရှိခဲ့တာလည်း ဖြစ်ပါတယ်။  ကလော့ပ်ဟာ   ဘိုင်ယန်ကို ဖလားသုံးလုံး ရယူပေးခဲ့တဲ့ ဟန်စီဖလစ်ကို ကျော်လွန်ပြီး ဆွတ်ခူးခဲ့တာကြောင့် သူကိုယ်တိုင်တောင် အံ့အားသင့် မှင်သက်သွားခဲ့ရတယ်လို့  ဝန်ခံခဲ့ပါတယ်။

 

 

အကောင်းဆုံးဂိုးသမားဆု

 

 

ဘိုင်ယန်မြူးနစ်ဂိုးသမား   နျူအာကတော့  အက်သလက်ဂိုးသမား အောဘလက်နဲ့ လီဗာပူးဂိုးသမား အလီဆန်တို့ နှစ်ဦးကို ကျော်ဖြတ်ပြီး တစ်နှစ်တာအကောင်းဆုံး ဂိုးသမားဆု ဆွတ်ခူးခဲ့တာဖြစ်ပါတယ်။ သူဟာ ပြီးခဲ့တဲ့ ဘောလုံးရာသီ  ဘွန်ဒက်စ်လီဂါ ၃၃ ပွဲမှာ ၃၁ ဂိုးသာ ခွင့်ပြုပေးခဲ့ရတာ ဖြစ်ပါတယ်။

 

 

အကောင်းဆုံး သွင်းဂိုးဆု

 

 

အကောင်းဆုံးသွင်းဂိုးဆုကိုတော့ ပြီးခဲ့တဲ့ ရာသီက စပါးနဲ့ဘန်လေတို့ပွဲမှာ သွင်းယူခဲ့တဲ့ စပါးတိုက်စစ်မှူး ဆွန်ဟောင်မင်ရဲ့ သွင်းဂိုးက ဆွတ်ခူးသွားခဲ့ပါတယ်။ ဆွန်ဟာ တစ်ကိုယ်တော်အစွမ်းနဲ့ ဘောလုံးကို ဆွဲပြေးလာပြီး ပြိုင်ဘက်နောက်တန်းခံစစ်ကို  ဖြတ်ကျော်ကာ   လှလှပပ အဆုံးသတ် သွင်းယူခဲ့တာ ဖြစ်ပါတယ်။

 

 

မေလဲ့သင်း