နေပြည်တော်၊ စက်တင်ဘာ ၆
မြန်မာနိုင်ငံ၏ သစ်သီးဝလံ သွင်းကုန်များအပေါ် စိစစ်ချက်အရ (၃) နှစ်အတွင်း သစ်သီးဝလံ တင်သွင်းမှုအတွက် အမေရိကန်ဒေါ်လာသန်း (၅၀) ခန့် နှစ်စဉ်အသုံးပြုလျက်ရှိပြီး လိမ္မော်သီး တင်သွင်းမှုမှာ ၅၀ % ခန့် ဖြစ်ကြောင်း၊ ရေ မြေ ရာသီဥတု စုံလင်သည့် မိမိတို့နိုင်ငံတွင် သွင်းကုန်အစားထိုး အရည်အသွေးကောင်း သစ်သီးဝလံများ တိုးချဲ့စိုက်ပျိုး ထုတ်လုပ်နိုင်ရေးအတွက် လိုအပ်သော သုတေသနနှင့် ဖွံ့ဖြိုးရေးလုပ်ငန်းများ၊ ဆွေးနွေးပွဲများ၊ ပြပွဲ ပြိုင်ပွဲများ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ယနေ့ နံနက်ပိုင်းတွင် နေပြည်တော် ရေဆင်းရှိ စိုက်ပျိုးရေး သုတေသနဦးစီးဌာန၌ ကျင်းပသည့် ဥယျာဉ်ခြံသုတေသနနှင့် ဖွံ့ဖြိုးရေးလုပ်ငန်းများကို အဆင့်မြှင့် တိုးချဲ့ဆောင်ရွက်ရေး ဆွေးနွေးပွဲတွင် ပြည်ထောင်စုဝန်ကြီး ဦးတင်ထွဋ်ဦး က ပြောကြားသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများသည် စက်မှုလယ်ယာ သုတေသနအတွက် ဌာနမြေ သီးခြားရွေးချယ်ရန် မြေနေရာကိုလည်းကောင်း၊ ဟင်းသီးဟင်းရွက်နှင့် ပန်းမန် သုတေသန ဆောင်ရွက်နေမှုများကိုကြည့်ရှုစစ်ဆေးသည်။
ပြည်သူပြည်သားများ၏ ကျန်းမာကြံ့ခိုင်ရေးအတွက် စားနပ်ရိက္ခာဖူလုံရေးတွင် အဟာရဓာတ် ဖူလုံရေးကိုလည်း အဓိကထား ဆောင်ရွက်ရန် လိုအပ်လျက်ရှိရာ မြန်မာပြည် မြောက်ဖျားပိုင်း ဒေသတွင် ဂရိတ်ဖရုကိုလည်းကောင်း၊ တောင်ဘက်ပိုင်း မွန်၊ တနင်္သာရီ ဒေသတွင် ကျွဲကောကိုလည်းကောင်း၊ အခြားဒေသ အသီးသီးတွင်လည်းကောင်း လက်ရှိ စိုက်ပျိုးလျက်ရှိရာ လိမ္မော်၊ ရှောက်ချို၊ သံပုရာ စသည့် သီးနှံများကို ရေမြေရာသီဥတု အခြေအနေပေးသည့် ဒေသများ၌ စီးပွားဖြစ် စိုက်ပျိုးထုတ်လုပ်နိုင်ရေး နှင့် ပြည်တွင်း စားသုံးမှုအတွက်သာမက ပြည်ပပို့ကုန်အဖြစ် တင်ပို့ရောင်းချနိုင်ရေး မျှော်မှန်းဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ ယခုနှစ် လိမ္မော်ရာသီမှစတင်ကာ ဒေသအနှံ့ရှိ လိမ္မော်အပါအဝင် ရှောက်မျိုးရင်းဝင်များ ကို စုစည်း၍ ပြပွဲ ပြိုင်ပွဲများ ကျင်းပပေးနိုင်ရေး နှင့် သုတေသနနှင့် ဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ခြင်းတို့ကို စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီး ဌာနက စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။
သတင်းစဉ်


