ရန်ကုန် ၁၅ ဖေဖော်ဝါရီ
လူကုန်ကူးမှုတိုက်ဖျက်ရေး နှိမ်နင်းမှုဇာတ်လမ်းဖြစ်သည့် Line Walker -2 ဇာတ်ကားသည် ဟောင်ကောင်ရဲတပ်ဖွဲ့နှင့် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့တို့ပူးပေါင်း ဆောင်ရွက်မှုကို ရိုက်ကူးခြင်းဖြစ်ပြီး မြန်မာနိုင်ငံအနေဖြင့် လူကုန်ကူးမှုတိုက်ဖျက်ရေးတွင် ပါဝင်ဆောင်ရွက်နေမှုကို နိုင်ငံတကာသို့ ပြသနိုင်မည် ဖြစ်ပါကြောင်း၊ ယခု Action ဇာတ်လမ်း ရိုက်ကူးရာတွင် ပစ်ခတ်မှု၊ ဖောက်ခွဲမှု၊ မော်တော်ကားများ အပြိုင်မောင်းနှင်မှု၊ ယာဉ်တိုက်မှု၊ ရဟတ်ယာဉ်ပျံသန်းမှု စသည့်ဇာတ်ဝင်ခန်းများ ပါဝင်သဖြင့် ဌာနဆိုင်ရာများကလည်း ဝိုင်းဝန်းကူညီမည်ဖြစ်၍ ပြည်သူများဘက်ကလည်း သတ်မှတ်နေရာမှ ကြည့်ရှုအားပေးခြင်းဖြင့် ဝိုင်းဝန်းကူညီကြစေလိုပါကြောင်း ပြန်ကြားရေးနှင့် ပြည်သူဆက်ဆံရေးဝန်ကြီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးအေးကြွယ်က ပြောကြားသည်။
ယနေ့ မွန်းလွဲပိုင်းက ရန်ကုန်မြို့ ဗဟန်းမြို့နယ် အမှတ် (၅၀) ရွှေတောင်ကြားလမ်း ရုပ်ရှင်အနုပညာရပ်ဝန်းရှိ ရုပ်ရှင်ဖွံ့ဖြိုးတိုးတက်ရေးစင်တာ၌ ကျင်းပသည့် Shaw Brother Pictures International Ltd က ၎င်းတို့၏ အထူးအောင်မြင်သော Line Walker ရုပ်ရှင်ဇာတ်ကား၏ အဆက်ဖြစ်သည့် Line Walker -2 ဇာတ်ကား ရန်ကုန်မြို့တွင် လာရောက်ရိုက်ကူးမှုနှင့် ပတ်သက်သည့် စာနယ်ဇင်းမိတ်ဆက်ပွဲတွင် ၎င်းက အထက်ပါအတိုင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။
“မြန်မာနိုင်ငံ၌ ပြည်ပမှ နာမည်ကြီး ရုပ်ရှင်ကုမ္ပဏီက ကြီးမား၊ ကျယ်ပြန့်သည့် ရုပ်ရှင်ဇာတ်လမ်းရိုက်ကူးမှု အစဉ်အလာ ယခင်က မရှိခဲ့သေးဘဲ ယခုမှစတင်နိုင်ခြင်း ဖြစ်ပါကြောင်း၊ နိုင်ငံတကာမြို့ပြများတွင် Action ဇာတ်လမ်းရိုက်ကူးခြင်းများ ပြုလုပ်နိုင်သည့်နည်းတူ မြန်မာနိုင်ငံ ရန်ကုန်မြို့လယ်တွင်လည်း ရိုက်ကူးနိုင်ရန် MOI အနေဖြင့် ဌာနပေါင်းစုံနှင့် အသေးစိတ်ညှိနှိုင်းမှုများ ပြုလုပ်ခဲ့ပြီး ပေါင်းစပ်၍ ဝိုင်းဝန်း ကူညီဆောင်ရွက်နေခြင်းဖြစ်ပါကြောင်း” ဦးအေးကြွယ်က ဆိုသည်။
ထို့အပြင် “မြန်မာနိုင်ငံမှာ ပြည်ပကရုပ်ရှင်ဇာတ်လမ်း ရိုက်ကူးမှုအပါအဝင် စီးပွားရေးလုပ်ငန်းတွေ လာရောက်လုပ်ကိုင်ရာမှာလည်း နှောင့်နှေးကြန့်ကြာမှု၊ ခက်ခဲမှုမရှိတော့ဘဲ ပွင့်လင်းမြင်သာ အဆင်ပြေချောမွေ့ လွယ်ကူစွာ ဆောင်ရွက် နိုင်မှုကို ပြသလိုပါတယ်။ မြန်မာရုပ်ရှင်လောက ဖွံ့ဖြိုးတိုးတက်စေဖို့ ကဏ္ဍစုံက ဆောင်ရွက်ပေးရာမှာ ယခုကဲ့သို့ ပြည်ပက ရုပ်ရှင်ဇာတ်ကား ရိုက်ကူးခွင့်ပြုခြင်းလည်း တစ်ခုပါဝင်ပြီး ဆက်သွယ်ဆက်ဆံမှု၊ ပေါင်းစပ်ဆောင်ရွက်မှု၊ အနုပညာနည်းပညာ စသည်တို့ အထောက်အကူ ရရှိစေမှာပါ။
“ ပြည်ပက ယခုလို ရုပ်ရှင်လာရောက် ရိုက်ကူးမှု၊ နာမည်ကျော် ရုပ်ရှင်ဇာတ်လမ်း နိုင်ငံတကာမှာ ပြသမှုတွေကတစ်ဆင့် မြန်မာနိုင်ငံအကြောင်းကို ကမ္ဘာက ပိုမိုသိရှိလာပြီး မြန်မာ့ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးနဲ့ ထိုမှတစ်ဆင့် နိုင်ငံအတွက် ဝင်ငွေရရှိ စေဖို့ဖြစ်ပါတယ်”ဟု ၎င်းက ရှင်းလင်း ပြောကြားသည်။
အဆိုပါ ရုပ်ရှင်ဇာတ်ကားကို တရုတ်ပြည်သူ့သမ္မတနိုင်ငံ ဟောင်ကောင်ရှိ Shaw Brothers Pictures International Ltd နှင့် J.Q.Pictures တို့မှ ပူးပေါင်း ရိုက်ကူးခြင်းဖြစ်ပြီး ဒါရိုက်တာ Mr.Jazz Boon ၊ ထုတ်လုပ်သူ Miss. Andrew Lau Wai-Keung၊ ဇာတ်ညွန်း Mr. Chin Ka lok တို့နှင့် ဟောင်ကောင်သရုပ်ဆောင်များဖြစ်သည့် Louis KooTin –Lok နှင့် Nick Cheung Ka-Fai တို့ ပါဝင်ကြပြီး ယနေ့ကျင်းပသည့် စာနယ်ဇင်းမိတ်ဆက်ပွဲတွင် Mr. Chin Ka lok နှင့် ပရိုဂျူဆာ Mr. Ray Peng တို့က ဇာတ်ကားနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားပြီး ပံ့ပိုးကူညီမှုများအတွက် ကျေးဇူးတင်စကား ပြောကြားသည်။
Line Walker -2 ဇာတ်ကားမှာ ဟောင်ကောင် ဂျာနယ်လစ်တစ်ဦးက ကလေးသူငယ် လူကုန်ကူးသည့် အုပ်စု၏သတင်းကိုရရှိခဲ့ပြီး ရှာဖွေရာတွင် ဂျာနယ်လစ်ကို ကာကွယ်ပေးရန်၊ ဟောင်ကောင်သို့ ပြန်လည်ပို့ဆောင်ပေးရန် ကြိုးပမ်းသည့် စစ်ဆင်ရေးတစ်ခုကို ဟောင်ကောင်ရဲတပ်ဖွဲ့နှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့တို့က ပူးပေါင်း ကိုင်တွယ်ဖြေရှင်းပုံ များကို ဇာတ်အိမ်တည်၍ ရိုက်ကူးထားခြင်း ဖြစ်သည်။
“ရန်ကုန် ဒေသဆိုင်ရာ အာဏာပိုင်အဖွဲ့အစည်းတွေနဲ့ အကုန်လုံးညှိနှိုင်း ဆွေးနွေးကြတဲ့အချိန်မှာ စစချင်း အတွေ့အကြုံဖြစ်တဲ့အတွက် လူထုထိတ်လန့်မှုကို လျော့ချဖို့ ဖောက်ခွဲဖျက်ဆီးမှုတွေနဲ့ အသုံးပြုမယ့် လက်နက်ခဲယမ်းတွေရဲ့ အခြေအနေတွေကို တုန်ခါမှုကို နည်းနည်းလျော့ချထားတာပေါ့။ ရိုက်ကူးရေး အခြေအနေမှာ သက်ဆိုင်ရာ အဖွဲ့အစည်း အသီးသီးက တာဝန်ရှိသူတွေနဲ့ အကြိမ်ကြိမ် ညှိနှိုင်းဆွေးနွေးမှုတွေ လုပ်ခဲ့ပါတယ်။ ဌာနပေါင်းစုံနဲ့လည်း ညှိနှိုင်းပြီး ဆောင်ရွက်ရတာ ဖြစ်ပါတယ်။ ပေါင်းစပ်ညှိနှိုင်းမှု မလုပ်ဘဲ ချက်ချင်းရိုက်လို့တော့ မရဘူး၊ ရုပ်ရှင်သမိုင်းအတွက် လမ်းပွင့်တာပေါ့”ဟု Act Director အဖြစ် ဆောင်ရွက်သူ ရဲမှူးချုပ် ဝင်းခေါင်(ငြိမ်း)က ပြောသည်။
အဆိုပါ ဇာတ်ကားကို မြန်မာနိုင်ငံတွင် ပြည်ပမှ ရုပ်ရှင်ဇာတ်ကားများ လာရောက် ရိုက်ကူးသည့်စနစ်တစ်ခု စတင်အကောင်အထည်ဖော်နိုင်ရန်၊ နိုင်ငံတော်အစိုးရ အနေဖြင့် ရုပ်ရှင်ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် အားပေးကူညီနေမှုကို ပြသနိုင်ရန်၊ မြန်မာ့ရုပ်ရှင်လောက ဖွံ့ဖြိုးတိုးတက်ရေးအတွက် နည်းပညာနှင့် အနုပညာဆိုင်ရာ အထောက်အကူများ ရရှိနိုင်ရန်၊ မြန်မာနိုင်ငံအကြောင်း ကမ္ဘာက ပိုမိုသိရှိလာစေရန်၊ မြန်မာ့ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးအတွက် မြှင့်တင်ပေးနိုင်ရန်၊ မြန်မာနိုင်ငံတွင် ပြည်ပမှ ရုပ်ရှင်လာရောက် ရိုက်ကူးခြင်းများမှ နိုင်ငံတော် ဘဏ္ဍာငွေရရှိရန် စသည့် ရည်ရွယ်ချက်ဖြင့် ခွင့်ပြုခြင်းဖြစ်ပြီး အဆိုပါဇာတ်ကား မြန်မာနိုင်ငံတွင် လာရောက် ရိုက်ကူးနိုင်ရေးအတွက် ပြန်ကြားရေး ဝန်ကြီးဌာနနှင့် သက်ဆိုင်ရာဌာနအားလုံးက ဝိုင်းဝန်းကူညီပံ့ပိုးပေးထားကြောင်း သိရသည်။
ရုပ်ရှင်ဖွံ့ဖြိုးတိုးတက်ရေးစင်တာ၊ စီမံခန့်ခွဲရေးအဖွဲ့ဝင် ဒေါ်ဆွေဇင်ထိုက်က “ ဒီဇာတ်ကား တစ်ထုပ်လုံးကို ဒီမှာရိုက်တာမဟုတ်ပါဘူး၊ အစိတ်အပိုင်းတချို့ကို ရိုက်တာပါ။ မြန်မာပြည်မှာဖြစ်နေတဲ့ အခန်းတချို့ရယ်၊ ဖိလစ်ပိုင်နိုင်ငံမှာ ရိုက်ရမယ့် ဇာတ်ဝင်ခန်းတချို့ရယ်ကို လာရောက် ရိုက်ကူးတာ ဖြစ်ပါတယ်။ မြန်မာ့ရုပ်ရှင်မှာ အရင်းနှီးဆုံးနဲ့ အလွယ်ကူဆုံး ပေးနိုင်တာက ရိုက်ကွင်း ရိုက်ကွက်တွေပါပဲ။ ဒီဇာတ်ကားမှာ ရိုက်ကွင်း ရိုက်ကွက်တွေက ကောင်းစွာ ပါဝင်သွားမှာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံ မူရင်းရိုက်ကွင်းတင်မက ဖိလစ်ပိုင်နိုင်ငံရဲ့ ရိုက်ကွင်းရိုက်ကွက် ပုံစံမျိုးပါ ပြုလုပ်ပြီး ရိုက်ကူးနိုင်တာကြောင့် အာဆီယံနိုင်ငံတွေထဲက အခြားရိုက်ကူးလိုသူတွေ လာရောက် ရိုက်ကူးနိုင်တယ်ဆိုတဲ့ သတင်းအချက်အလက်တွေ ပါသွားမှာ ဖြစ်ပါတယ်။ ရန်ကုန်မြို့ဆိုတာကို ပြချင်လွန်းလို့ ဆူးလေဘုရားလမ်း၊ ရွှေတိဂုံဘုရား၊ မဟာဗန္ဓုပန်းခြံတို့ကို ရွေးရတာဖြစ်ပါတယ်။ ပြည်သူလူထုအတွက်လည်း အနှောင့်အယှက် မဖြစ်ရလေအောင် နိုင်ငံကရရှိမယ့် အခွန်အခတွေလည်း ကိုယ့်ရုပ်ရှင်လောကသားတွေ အတတ်ပညာဖြင့် ရယူနိုင်အောင် စီစဉ်ထားပါတယ်”ဟု ပြောသည်။
အဆိုပါဇာတ်ဝင်ခန်းအချို့ လာရောက် ရိုက်ကူးရာတွင် ဟောင်ကောင်နှင့် နိုင်ငံတကာ ရုပ်ရှင်ဇာတ်လမ်းများ ရိုက်ကူးလေ့ရှိသည့် ပုံစံအတိုင်း အချိန်သတ်မှတ်ချက်များဖြင့် လမ်းများပိတ်၍ ရိုက်ကူးခြင်း၊ လမ်းလွဲများ ပြုလုပ်၍ ရိုက်ကူးခြင်း၊ သေနတ်အစစ်များ၊ လက်နက်ကြီးများ ပစ်ခတ်ခြင်း၊ ဖောက်ခွဲခြင်း၊ ကားများအချင်းချင်း ပွတ်တိုက်ခြင်း၊ ရဟတ်ယာဉ်များ သုံးစွဲပြီး ပစ်ခတ်ခြင်း၊ ရဲကားများ၊ အထူးရဲတပ်ဖွဲ့ဝင်ကားများ အသုံးပြုပြီး နိုင်ငံတကာအဆင့်မီ အက်ရှင်ဇာတ်ကားကောင်း တစ်ကားအဖြစ် ရိုက်ကူးသွားမည်ဖြစ်ကြောင်း သိရသည်။
ယနေ့ နံနက်ပိုင်းက Line Walker – 2 ဇာတ်ကား၏ ဇာတ်ဝင်ခန်းအချို့ကို ရန်ကုန်မြို့ သာကေတမြို့နယ်ရှိ ပြည်ထောင်စု တိုင်းရင်းသားကျေးရွာ၌ စတင် ရိုက်ကူးခဲ့သည်။
သတင်း - ဝင်းဝင်းမော်၊ ဥမ္မာသန့်၊ နေလင်း
ဓာတ်ပုံ - လှမိုး