Line Walker - 2 ဇာတ်ဝင်ခန်းအချို့ ရွှေတိဂုံစေတီရင်ပြင်တော်နှင့် YMCA ခန်းမတို့တွင် ရိုက်ကူး

ရန်ကုန် ၁၇ ဖေဖော်ဝါရီ 

 

လူကုန်ကူးမှု တိုက်ဖျက်ရေးနှိမ်နင်းမှု ဇာတ်လမ်းဖြစ်သည့် Line Walker - 2 ရုပ်ရှင်ဇာတ်ကားကို ရန်ကုန်မြို့တွင် ရိုက်ကူးလျက်ရှိရာ ယနေ့တွင် ရွှေတိဂုံစေတီရင်ပြင်တော်နှင့် YMCA ခန်းမတို့တွင် ဇာတ်ဝင်ခန်းအချို့ကို ဆက်လက်ရိုက်ကူးခဲ့ကြသည်။

 

a1

 

ထိုသို့ရိုက်ကူးမှုအနေဖြင့် ည ၇ နာရီခန့်က ရန်ကုန်မြို့ ဒဂုံမြို့နယ်ရှိ ရွှေတိဂုံစေတီရင်ပြင်တော်ရှိ အင်္ဂါထောင့်တွင် အမျိုးသားသရုပ်ဆောင် Lruyuning ၊ မင်းသမီး Tiang Peiyao တို့နှင့်အတူ ပြည်တွင်းမှ ပံ့ပိုးကူညီသရုပ်ဆောင်သူ ၃၀ ပါဝင်ပြီး အချိန်နှစ်နာရီခန့် ကြာမြင့်စွာ ရိုက်ကူးခဲ့ကြကာ နံနက်ပိုင်းကလည်း ရန်ကုန်မြို့ ဗိုလ်တထောင်မြို့နယ် သိမ်ဖြူလမ်းအနီးရှိ YMCA ခန်းမတွင် ဇာတ်ဝင်ခန်းအချို့ကို ရိုက်ကူးခဲ့သည်။

 

အလားတူ ယမန်နေ့က ဇာတ်ဝင်ခန်းအချို့ကို ရန်ကုန်မြို့ သာကေတမြို့နယ်ရှိ တိုင်းရင်းသားကျေးရွာတွင် ရိုက်ကူးခဲ့သည်။

 

ရန်ကုန်မြို့တွင် ရိုက်ကူးမှုများကို ရုပ်ရှင်ချစ်သူများက စနစ်တကျ လာရောက်ကြည့်ရှု အားပေးခဲ့ကြသည်။

 

ယင်းရုပ်ရှင်ဇာတ်ဝင်ခန်းများ ရိုက်ကူးမှု ဆောင်ရွက်နေစဉ် ယာဉ်ကြောကျပ်တည်းမှု မဖြစ်ပေါ်စေရေး၊ ဘေးအန္တရာယ် ကင်းရှင်းရေးနှင့် အဆင်ပြေချောမွေ့ စေရေးတို့အတွက် သက်ဆိုင်ရာဌာနများ၊ အဖွဲ့အစည်းများက ဝိုင်းဝန်းကူညီ ဆောင်ရွက်ပေးခဲ့ကြသည်။

 

ဇော်ကြီး