လိပ်ကိုကြမ်းပိုး၊ ကြမ်းပိုးကိုလိပ်ဟု လိမ်လည်ပြောဆိုနေသူများ

၁၅ မေ

 

Atimes အင်တာနက်စာမျက်နှာ၌ အစွန်းရောက်အကြမ်းဖက်အဖွဲ့ARSA ၏ ဝါဒဖြန့်မှုတို့ ပလူပျံခဲ့သည့် တွစ်တာ (Twitter) သတင်းစကားတို့ ပျောက်ဆုံးအသံတိတ်နေသည့်အပေါ်  David Scott Mathieson က တင်ပြထား သည်ကို ဖတ်ရပါသည်။ ARSA အစွန်းရောက် အကြမ်းဖက်အဖွဲ့က ဤသို့အသံတိတ်နေသည်မှာ သုံးလခန့် ရှိပြီဟုဆိုပါသည်။ သုံးသပ်ရမည်မှာ မည်သို့သော အကြောင်းကြောင့် ဤကဲ့သို့ အသံတိတ်နေရခြင်းဖြစ်သည် ဟူသော အကြောင်းတရားဖြစ်ပါသည်။

 

ဦးစွာ ARSA အစွန်းရောက် အကြမ်းဖက်အဖွဲ့က တွစ်တာစာမျက်နှာတွင် ဝါဒဖြန့်မှုတို့ ပလူပျံအောင် ဆောင်ရွက်ခဲ့သည့်ကာလက မည်သို့သော အကြောင်းအရာတို့ကို ရေးသားခဲ့သည်ကို တင်ပြလိုပါသည်။ ၎င်းတို့ ပိုင်ဆိုင်ခွင့်ရှိသည့် ဌာနေတိုင်းရင်းသားတို့၏ အခွင့်အရေးကို ပြန်ပေးပါဟုဆိုပါသည်။ ကမ္ဘာတစ်လွှားရှိ ၎င်းတို့အား ရခိုင်ဒေသသို့ ပြန်လာခွင့်ပြု ရမည်ဟုလည်း ရေးသားပါသေးသည်။ နိုင်ငံရေးပါတီထူထောင်ခွင့် ပြုပါဟူသော တောင်းဆိုချက်ပင် ပါလိုက်ပါသေးသည်။ ဤအကြောင်းအချက်တို့ကို ကြည့်ရုံမျှဖြင့်ပင် ARSA အစွန်းရောက် အကြမ်းဖက်အဖွဲ့၏ အစစ်အမှန် ရည်ရွယ်ချက်သည် နိုင်ငံသားအခွင့်အရေးရရှိရေး မဟုတ်၊ တိုင်းရင်းသားအခွင့်အရေးတောင်းဆို၍ နိုင်ငံတော်၏ အချုပ်အခြာအာဏာကို ဖဲ့ထုတ်ယူရန်ကြိုးပမ်းခြင်း ဖြစ်ကြောင်း ပေါ်လွင်ထင်ရှားပါသည်။

 

ကုလသမဂ္ဂစုံစမ်းစစ်ဆေးသူတို့က ၂၀၁၇ ခုနှစ်၊ ဩဂုတ်လ ၂၅ ရက်နေ့ ARSA အစွန်းရောက် အကြမ်းဖက်အဖွဲ့၏ နိုင်ငံတော်လုံခြုံရေးတပ်ဖွဲ့တို့အပေါ် ဝင်ရောက်တိုက်ခိုက်မှုအပေါ် “ဟုဆိုသော” နာမဝိသေသနသုံး၍ မယုံကြည်သော သဘောရေးသားကြသည်ကို David Scott Mathieson က ထောက်ပြထားပါသည်။ စိတ်ဝင်စားစရာကောင်းသည်မှာဤဖြစ်ရပ်နှင့်အတူ ARSA အစွန်းရောက် အကြမ်းဖက်အဖွဲ့၏ တွစ်တာစာမျက်နှာ အသံတိတ်နေခြင်းအပေါ် တချို့သောအင်အားစုတို့ကဤသည်မှာ ARSA အစွန်းရောက် အကြမ်းဖက်အဖွဲ့ ဆက်လက်တည်ရှိမှုရှိ/မရှိ (သို့မဟုတ်) ARSA အစွန်းရောက် အကြမ်းဖက်အဖွဲ့ အမှန်တကယ်ရှိ/မရှိ သုံးသပ်သင့်သည့် သဘောပြောဆိုလာပါသည်။

 

မျက်နှာပြောင် တိုက်နိုင်လွန်းသည်ဟုပင် ဆိုရမည် ဖြစ်ပါသည်။ARSA အစွန်းရောက် အကြမ်းဖက် အဖွဲ့၏ တွစ်တာစာမျက်နှာတွင်၂၀၁၇ ခုနှစ်၊ ဩဂုတ်လ ၂၅ ရက်နေ့ တိုက်ခိုက်မှုကို ၎င်းတို့ဆောင်ရွက်ခဲ့ ကြောင်း အတိအလင်းဝန်ခံခဲ့ပြီး ဖြစ်ပါသည်။ ဘင်္ဂါလီမျိုးနွယ်တို့အတွက်ဟုဆို၍ အမည်ဆန်းတပ် လှုပ်ရှားနေသူများနှင့် အနောက်နိုင်ငံကြီးတို့မှလူ့အခွင့် အရေးလှုပ်ရှားသူတို့က ဩဂုတ်လ ၂၅ ရက်နေ့ တိုက်ခိုက်မှုအားလူမျိုးတုံး သတ်ဖြတ်မှုများ ဆောင်ရွက်နိုင်ရန်အတွက် နိုင်ငံတော်၏လုံခြုံရေး တပ်ဖွဲ့တို့က ပုံမှားရိုက်ဖန်တီးခဲ့သည်ဟူသော သဘောမျိုးပြောဆိုနေကြသည်ကို David Scott Mathieson က ရေးသားထားပါသည်။ အဘယ်ကြောင့်ပါနည်း။ ၂၀၁၇ ခုနှစ်၊ ဩဂုတ်လ၂၅ ရက်နေ့ အကြမ်းဖက်တိုက်ခိုက်မှု သည် ၎င်းတို့ ဂရုတစိုက်ပုံဖော်ဖန်တီးထားသည့် “မြန်မာ့လုံခြုံရေးတပ်ဖွဲ့တို့က အပြစ်မဲ့ဘင်္ဂါလီ အရပ်သားတို့အပေါ် အလွန်အကျွံဖိနှိပ်နှိမ်နင်းခြင်း” ဟူသော ပုံရိပ်ကို ထိပါးစေသောကြောင့် ဖြစ်ပါသည်။ ဤသို့ ထိပါးမှုသည် ၎င်းတို့၏ မြန်မာနိုင်ငံအား “နိုင်ငံတကာ ရာဇဝတ်မှုခုံရုံး (ICC) တင်ရေး” ဟူသော ကြိုးပမ်းမှုကို ထိခိုက်ပျက်စီးစေသောကြောင့် ဖြစ်ပါသည်။ လိပ်ကို ကြမ်းပိုး၊ ကြမ်းပိုးကိုလိပ်ဟု အကြိမ်ကြိမ်အမျိုးမျိုး လိမ်လည်နေသော ARSA အစွန်းရောက် အကြမ်းဖက်အဖွဲ့တို့၏ လုပ်ရပ်သည် မလွဲမသွေကျဆုံးမည်သာ ဖြစ်ပါကြောင်း လေးနက်စွာတင်ပြအပ်ပါသည်။ ။